၃ လောင်းပြိုင်လူသတ်မှုက ပြစ်မှုကျုးလွန်သူကို အစ်ကိုဖြစ်သူကိုယ်တိုင် ရဲလက်အပ်

ဒီဇင်ဘာ ၂၉-၂၀၂၀
ကိုတိုးကြီး (VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သဲကောဆည်ဖျား၊ ဘိုင်ပင်စခန်းတောတိုက်မှာ မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

” သေဆုံးသူ ၃ ယောက်က ဦးမြင့်ကြိုင် ၊ ဦးတင့်လှိုင် ၊ ဦးစိုးမြင့် ဖြစ်တယ်၊ ပြတ်ရှ ထိုးသွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိပြီးဖြစ်တယ်”လို့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ ၃ ယောက်ဟာ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာက ၂ ယောက်ဖြစ်ပြီး ကျန် ၁ ယောက်ကတော့ မင်းစုကျေးရွာက ဖြစ်ပါတယ်။ သူတို့ ၃ ယောက်ဟာ မီးသွေးဖုတ်တဲ့လုပ်ငန်းကို လုပ်ကိုင်သူတွေဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူ မောင်ဝင်းခိုင်ရဲ့ အစ်ကိုအရင်းဖြစ်သူ ဦးမောင်မောင်က ” ကျွန်တော်တို့က စိုက်ပျိုးရေး လုပ်ကိုင်တယ်၊ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ မာလကာခြံထဲကနေ ဖြတ်ပြီး ကျွဲစွပ်တွေနဲ့ သစ်ဆွဲကြတယ်၊ အဲ့ဒီလို သစ်ဆွဲတာက ခဏခဏ ဖြစ်လို့ စိုက်ပင်တွေ ထိခိုက်ပျက်စီးတာကြောင့် အဲ့ဒီ သစ်ဆွဲလမ်းကို ပိတ်ပြီး ကာရံထားတယ်၊ သေဆုံးသူ ၃ ယောက်က အခင်းဖြစ်တဲ့အချိန်က ပိတ်ပြီး ကာရံထားတာတွေကို ဖယ်ရှားပြီး ဝင်လာတာကြောင့် ညီဖြစ်သူ မောင်ဝင်းခိုင်က ဖုန်းဆက်ပြီး ပြောတယ်၊ အဲ့ဒီအချိန်က ကျွန်တော်က ရွာထဲရောက်နေတာဖြစ်တယ်၊ အဲ့ဒီနောက်တော့ သစ်ဆွဲလာသူတွေနဲ့ ကျွန်တော့်ညီတို့ စကားများပြီး ညီဖြစ်သူ မောင်ဝင်းခိုင်က ကိုင်းခုတ် ဓားခုတ်ချွန်းနဲ့ သစ်ဆွဲလာသူ ၃ ယောက်ကို ထိုးခုတ် သတ်လိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။

‌ဒါ့အပြင် လူသတ်မှုဖြစ်ပွားခဲ့တဲ့ ညီဖြစ်သူကို ထွက်ပြေးတိမ်းရှောင်ခြင်း မပြုလုပ်ဖို့ တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းဖို့ အစ်ကိုဖြစ်သူ ဦးမောင်မောင်က ဖျောင်းဖျပြောဆိုပြီးနောက် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ ညီဖြစ်သူကို ရဲတပ်ဖွဲ့ဆီအပ်နှံပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ကိုဝင်းခိုင်ရဲ့ ထွက်ဆိုပြောပြချက်အရ ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာကို သွားရောက်ကာ သေဆုံးသူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းကားတွေနဲ့ လက်ပံတန်း ပြည်သူ့ဆေးရုံ အအေးတိုက်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် လူသတ်မှုကို လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတန်း #၃လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW