ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ကျောင်းသားတွေ မတရားဖမ်းဆီးမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၃-၂၀၂၁
ဆွေလင်းထွန်း(VOM)

ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်ရေး၊ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဲစေဖို့ ထောင်နဲ့ ခြိမ်းခြောက်ပြီး မတရားဖမ်းဆီးနေတာတွေကို ဆန့်ကျင်ကြောင်းနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ဆန့်ကျင်လှုပ်ရှားမှုတစ်ခုကို မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီ ၃ရက်နေ့ နေ့လယ်ပိုင်းက မိတ္ထီလာမြို့ ခရိုင်တရားရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အဝေးသင်တာဝန်ခံ ကိုနေရဲစိုးက “ပြည်တွင်းစစ်က ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာလည်း ဖြစ်နေတယ်။ အပြစ်မဲ့ပြည်သူတွေ ကလေးတွေသေနေတာတွေကို ကျနော်တို့ကျောင်းသားတွေက ဆန္ဒပြတဲ့အခါကျတော့ ကျနော်တို့ကျောင်းသားတွေကိုဖမ်းတယ်။ ရုံးထုတ်တာလည်းမရှိဘူး လေးလလောက်ရှိပြီ။ သက်သက်ဒါက ကျောင်းသားတွေမို့လို့ အနိုင်ကျင့်တယ်လို့ ကျနော်ကမြင်တယ်။ ဒါကို ငြိမ်မခံဘူးဆိုတာကို ပြတဲ့အနေနဲ့ ခုလှုပ်ရှားမှုကို လုပ်တာပါ”လို့ VOMကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ အစိုးရနှစ်ဆက်ပြောင်းလာပေမယ့် ဒီမိုကရေစီအစိုးရဖြစ်မလာဘူးဆိုတာကို လက်ရှိဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်းနဲ့ နိုင်ငံမှာ အာဏာရှင်ဆန်တဲ့ အစိုးရတွေသာ တက်နေကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားတာကိုလည်း တွေ့ရပါတယ်။

ပြည်တွင်းစစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် တနိုင်ငံလုံးက သမဂ္ဂကျောင်းသား ၁၅ဦး တရားစွဲဆို ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရတဲ့ထဲက အချို့ကို ထောင်ဒဏ် ၇နှစ်ကျော်အထိ ချမှတ်ခံထားရတယ်လို့ ဗကသရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မိတ္ထီလာ #ပြည်တွင်းစစ်ဆန့်ကျင်ရေး #လှုပ်ရှားမှုပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW