တောင်ကြီးမြို့မှာ NLDပါတီက SNLD ၊ SNDP ၊ လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ နဲ့၀ အမျိုးသားပါတီတို့နဲ့ တွေ့ဆုံဆွေးနွေး

ဇန်နဝါရီ ၁၅ -၂၀၂၁
နေနန်းနွယ်(VOM)

NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီကနေ့မနက်ပိုင်းက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

NLD နဲ့တွေ့ဆုံမှုအပြီးမှာတော့ SNLDပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က “ကျွန်တော်တို့ မူဝါဒအကြောင်းပြောတယ်၊ ဒီလိုလုပ်ဆောင်ကြတဲ့အချိန်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့၊ လွှတ်တော်ထဲမှာရော ၊ ဥပဒေပြုရေးရော ၊ အုပ်ချုပ်ရေးမှာရော၊ အခြားအပိုင်းမှာရော ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့၊ NLDဆိုတာကလည်း SNLDနဲ့လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ပြီးခဲ့တဲ့ ၂၀၁၅ လောက်တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာတွေ မရှိခဲ့ဘူး၊ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ ဒီအမျိုးသားညီညွတ်ရေးတည်ဆောက်တဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ဆောင်မယ့်ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း မြင်တယ်၊ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာမယ်ဆိုရင် SNLDအနေနဲ့ကတော့ ကြိုစားပြီးလုပ်ဆောင်သွားမယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံမှုဟာ အလွန်ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ပြီး ပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်း အစရှိတဲ့ အင်အားစုတွေကို စုစည်းပြီး အတူတကွ လက်တွဲအလုပ်လုပ်နိုင်မယ့် လမ်းတစ်ခု ဖောက်နိုင်မယ်ဆိုရင် လာမယ့် ၅ နှစ်မှာ လွန်ခဲ့တဲ့ ၅ နှစ်ထက် ပိုပြီးတော့ ခရီးရောက်မယ်လို့ ထင်ကြောင်းကိုလည်း SNLDပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က ဖြေကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးစိုင်းနောင့်ကလည်း “ဒီ အနာဂတ်နိုင်ငံရေးအတွက် ကျွန်တော်တို့ပါတီနဲ့ NLDတို့ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲ၊ ပူးပေါင်းသွားမယ့်လမ်းစဉ်ဟာ ဘယ်လိုတွေရှိမလဲဆိုတာကို လာရောက် ဆွေးနွေးခြင်းပဲဖြစ်ပါတယ်”လို့ NLDနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။

ပြည်သူလူထုတွေရဲ့ဘဝအတွက်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့လမ်းပန်းဆက်သွယ်ရေးဆိုင်ရာတွေ၊ ပြည်သူလူထုဘဝလုံခြုံဖို့ လိုအပ်နေတဲ့ ရှမ်းပြည်နယ်တရားဥပဒေစိုးမိုးရေးကဏ္ဍအကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီကလည်း ပြည်နယ်အဆင့်နဲ့ပြည်ထောင်စုအဆင့်မှာ လားဟူလူမျိုးစုရဲ့ ကိုယ်စားပြုပါဝင်ခွင့်ရနိုင်ဖို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကို ပြည်ထောင်စုအဆင့်မှာပါဝင်နိုင်မယ့်အခြေအနေတစ်ခု ဖန်တီးပေးဖို့နဲ့ သာတူညီမျှအခွင့်ရေးရနိုင်ဖို့ စတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့သိရပါတယ်၊

လားဟူအမျိုးသားဖွံဖြိုးတိုးက်ရေးပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြက “ကျွန်မတို့ရဲ့ဒေသဖွံဖြိုးရေးကိစ္စတွေရယ်၊ လယ်ယာမြေကိစ္စတွေရယ်၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ဒီအုပ်ချုပ်ရေးဌာနတွေနဲ့ဆက်ဆံတဲ့အခါမှာပေါ့နော်။ လားဟူတိုင်းရင်းသားတွေနဲ့ မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတို့ အလွယ်တကူလုပ်လို့ရနိုင်တဲ့ အနေအထားမျိုးတွေရှိအောင်လို့ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့မှာ လူဦးရေ သုံးသိန်းကျော်ရှိပေမယ့်လည်း အခွင့်အရေးတွေက တန်းတူမရတဲ့အတွက် သာတူညီမျှအခွင့်အရေးရဖို့အတွက် တိုက်ရိုက် ဒီအစိုးရကနေပြီး ဖန်တီးပေးနိုင်တဲ့ အနေအထားမျိုး အုပ်ချုပ်ရေးအပိုင်းမှာ လူမျိုးစုကိုယ်စားပြုအနေနဲ့ ပါဝင်နိုင်ဖို့အတွက ်ဆွေးနွေးခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်တဲ့အခါမှာလည်း ဘတ်ဂျက်ခွဲဝေမှုအပိုင်းနဲ့ပတ်သက်ပြီးတော့တန်းတူမှုမဟုတ်ဘဲ သာတူညီမျှဖြစ်လာဖို့ဆွေးနွေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဝ” အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ကလည်း NLD ဦးဆောင်တဲ့ တိုင်းရင်သားစည်းလုံးညီညွတ်ရေးကိစ္စကို ပူးတွဲဆောင်ရွက်မှာဖြစ်ပြီး ဒေသမှာလိုအပ်ချက်လေးတွေကို ပါဝင်ကူညီဆောင်ရွက်ပေးဖို့ တင်ပြပေးခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ရင်းနှီးဆက်ဆံမှုတွေက အားနည်းနေခဲ့လို့ ကျွန်တော်တို့ အတူတကွပူးပေါင်းဆောင်ရွက်မှုအားနည်းရခြင်းဖြစ်တယ်။ ဝ တွေဟာ အခြေခံအားဖြင့် တောတောင်ဒေသမှာနေတယ်၊ ပညာအတွေ့ကြုံနည်းတယ်၊ စာတတ်ပေတတ်နည်းတယ်။ ဒါကြောင့်ဒီကိစ္စကိုဆောင်ရွက်ဖို့ နည်းနည်းတော့ခက်ခဲတယ်။ ခက်ခဲ‌သော်လည်း စိတ်ရှည်လက်ရှည်နဲ့ အတူတကွလက်တွဲခေါ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ တစည်းတလုံးတည်း ပြည်ထောင်စုမြန်မာနိုင်ငံရဲ့အင်အားကို ပိုမိုတည်ဆောက်နိုင်မယ်လို့ယုံကြည်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တယ်”လို့ “ဝ” အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ပြောကြားခဲ့ပါတယ်။

“ဝ” အမျိုးသားပါတီအနေနဲ့ အချက် ၃ချက် တင်ပြဆွေးနွေးခဲ့တယ်လို့သိရပြီး တင်ပြချက်အခက်အခဲတွေကို အဆုံးအဖြတ်မပေးနိုင်ခြင်း၊ မှတ်တမ်းသာယူသွားခြင်း၊ အချိန်အကန့်အသတ်ကြောင့် ယေဘုယျသာ တင်ပြနိုင်ခြင်းဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

NLDဗဟိုအလုပ်မှုဆောင်အဖွဲ့ဟာ တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံမှုအပြီးမှာ သတင်းစာရှင်းလင်းပွဲအကျဉ်းရုံးပြုလုပ်ခဲ့ပြီး ” အဲ့ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ တင်ပြဆွေးနွေးချက်တွေကို ဝေမျှခဲ့ပါတယ်၊ အခက်အခဲအနေနဲ့သတ်မှတ်ထားတာကတော့ ပြည်နယ်တွေရဲ့အလုပ်မှုဆောင်အဖွဲ့ရုံးမှာပဲ တွေ့ရမယ်လို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့က ချမှတ်ထားတာလေ၊ အဲ့ဒီတော့ ကျွန်တော်တို့ကတော့ ဟိုမှာတော့ ဟိုနေရာမှာတွေ့မယ်၊ ပြည်နယ်ရုံးမှာမတွေ့၊ ဒီမှာကျတော့ ပြည်နယ်ရုံးမှာတွေ့၊ အဲ့ဒီလိုမျိုး လုပ်လို့မရဘူးပေါ့၊ ပြည်နယ်ရုံးမှာသာ တွေ့မယ်ဆိုပြီး ဆုံးဖြတ်ချက်ကချထားတာ၊ ရှမ်းပြည်နယ်ခရီးစဉ်ကျတော့ အားလုံးလာတွေ့ပေးကြတာ ကျေးဇူးပါ၊ အောင်မြင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အင်တုံခါးနော်စံတို့ဟာ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားဒေသခံပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

ဒေါက်တာအောင်မိုးညိုနဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း PNOပါတီနဲ့ တအာင်း(ပလောင်)အမျိုးသားပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ၁၄ ရက်နေ့က ကယန်းအမျိုးသားပါတီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #NLDဗဟို #တိုင်းရင်းသားပါတီ #တွေ့ဆုံမှု

Related posts

Leave a Comment

VOM News

FREE
VIEW