ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း ဂျပန်မှာ သတ်သေမှုနှုန်း မြင့်တက်နေ

တိုကျို၊ ဇန်နဝါရီ ၁၉-၂၀၂၁
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုယ့်ကိုကိုယ်သတ်သေမှုနှုန်းဟာ အစိုးရက ကူညီထောက်ပံ့မှုတွေပေးခဲ့တဲ့ ကိုဗစ်-၁၉ ပထမလှိုင်းမှာ ကျဆင်းခဲ့ပေမယ့် ဒုတိယလှိုင်းကျရောက်ချိန်မှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူတွေအပါအဝင် သတ်သေမှုနှုန်း မြင့်တက်ခဲ့ပါတယ်။

ဇူလိုင်လမှ အောက်တိုဘာလအထိ သတ်သေမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလကနေ ဇွန်လအတွင်း ၁၄ ရာခိုင်နှုန်းကျဆင်းမှုထက် သိသိသာသာမြင့်တက်ခဲ့တယ်လို့ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နဲ့ တိုကျိုလူမှုဆိုင်ရာအင်စတီကျုမှ သုတေသီတွေရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ပုံမှန်စီးပွားရေးအခြေအနေတွေနဲ့ မတူညီတာကြောင့် အခုကပ်ရောဂါဟာ ကလေးငယ်တွေ၊ လူငယ်တွေနဲ့ အထူးသဖြင့်အိမ်ရှင်မအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အချိုးအစားမမျှတစွာ သက်ရောက်ခဲ့တေယ်လို့ သုတေသီတွေက ပြောပါတယ်။

ကပ်ရောဂါအစောပိုင်းကာလတွေမှာ သတ်သေမှုနှုန်းကျဆင်းရတာဟာ အစိုးရရဲ့ထောက်ပံ့ကြေးပေးမှု၊ အလုပ်ချိန်လျှော့ချတာနဲ့ စာသင်ကျောင်းတွေ ပိတ်ထားတာတွေကြောင့်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ကာလကြာရှည် ကပ်ရောဂါဖြစ်ပွားနေတာဟာ အမျိုးသမီးအများစုလုပ်ကိုင်နေတဲ့ စက်မှုလုပ်ငန်းတွေကို ထိခိုက်စေပြီး အလုပ်လုပ်နေတဲ့ မိခင်တွေအပေါ် ဝန်ထုတ်ဝန်ပိုးတိုးလာစေကာ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း မြင့်တက်လာသဖြင့် အမျိုးသမီးတွေ သတ်သေမှုနှုန်းဟာ အမျိုးသားတွေထက် ငါးဆပိုများပြီး ၃၇ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။

Ref : Rueters
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW