တောင်ကြီးမြို့ကို ကိုဗစ်ကာကွယ်ဆေး အလုံး ၅၆၀ကျော် ရောက်ရှိ

ဇန်နဝါရီ ၂၇ -၂၀၂၁
နေနန်းနွယ်(VOM)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟဲဟိုးလေဆိပ်ကို ဒီကနေ့မနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေး အလုံး ၅၆၄ လုံး ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

“မနက်ဖြန်မှာ စထိုးပေးသွားမှာဖြစ်ပါတယ်၊ တောင်ကြီးမှာ စဝ်စံထွန်း ဆေးရုံနဲ့ အမျိုးသမီးနဲ့ကလေးဆေးရုံတို့မှာ ဆေးထိုးပေးသွားမှာပါ။ကျန်တဲ့မြို့နယ်တွေက သူတို့မြို့နယ်အလိုက်ထိုးပေးမှာဖြစ်ပါတယ်”လို့ တောင်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမိုးထွန်းကပြောပါတယ်။

ဆေး တစ်လုံးအတွက် လူ ၁၀ ယောက် ထိုးနိုင်မှာဖြစ်ပြီး လူဦးရေ (၅၆၄၀)ဦးကို ထိုးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မနက်ဖြန်ဇန်နဝါရီ ၂၈ရက်နေ့က စပြီး တောင်ကြီးမြို့နယ်အတွင်းရှိကျန်းမာရေးဝန်ထမ်း‌တွေကို ကာကွယ်ဆေး စတင်ထိုးပေးသွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးဟာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး ၁ ဒသမ ၅ သန်း လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးဖို့ ပေးအပ်တဲ့ဆေးတွေဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး ထိုးနှံရာမှာ အသက် ၁၈ နှစ်အထက် ရှိသူတွေသာ ထိုးနှံနိုင်မှာဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မထိုးနှံသင့်ဘဲ ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသခံထားရသူတွေ၊ ခုခံအားကျရောဂါနဲ့ ခုခံအားကျဆင်းစေတဲ့ ဆေးဝါးတစ်ခုခု သုံးစွဲနေရသူတွေ ထိုးနှံခြင်း ခံယူဖို့ သင့်/မသင့်ကိုတော့ ဆရာဝန်တွေနဲ့ ကြိုတင်တိုင်ပင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်ဆေးကို ပြည်သူတွေထိုးနှံပေးနိုင်ဖို့အတွက် ဆေးထိုးနှံရမယ့်စာရင်းတွေကိုလည်း မြို့နယ် အလိုက် ရပ်ကွက်/ကျေးရွာတွေမှာ အိမ်တိုင်ရာရောက် ကောက်ခံနေတယ်လို့ သိရပါတယ်။

Photo – သံလွင်သွေးချင်း
#voiceofmyanmar #VOM #တောင်ကြီး #ကိုဗစ်ကာကွယ်ဆေးရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW