ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ဦးစီးမှူးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၃၀ -၂၀၂၁
သိင်္ဂီထွန်း(VOM)

မကွေးတိုင်း၊ ချောက်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ မြို့နယ်အားကစားဦးစီးမှူးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ချောက်မြို့နယ်ပြည်သူ့ဆေးရုံကနေ သိရပါတယ်။

“လက္ခဏာက အနံ့ပျောက်တဲ့လက္ခဏာပြလို့ ဆရာ့ဆီကိုသတင်းပို့လို့ ဆရာတို့ကခေါ်ပြီးတော့ ဆေးရုံမှာ RDT နဲ့စစ်လိုက်တော့ positive ထွက်တယ်။ အနံ့ပျောက်တာကလွဲပြီး အားလုံးက Stable ပါပဲ။ သူက အဲ့ဒီတုန်းကကျတော့ ကိုဗစ်-၁၉ရဲ့ရောဂါလက္ခဏာတွေလည်းမရှိဘူး၊သံသယလက္ခဏာတွေလည်း မရှိဘူး။ ဘာမှမဖြစ်သေးဘူး အဲ့ဒါကြောင့်မို့လို့ ဆရာတို့က ထိုးပေးလိုက်တာပါ”လို့ ချောက်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသက်ဦးကပြောပါတယ်။

မြို့နယ်အားကစားဦးစီးမှူးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ အနံ့ပျောက်လက္ခဏာ ခံစားမှုရှိလာတဲ့အတွက် ဆေးစစ်ကြည့်ခဲ့ရာ ကိုဗစ်ပိုးရှိကြောင်း မနေ့ ဇန်နဝါရီလ ၂၉ ရက်က သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေကို ကာကွယ်ဆေးထိုးပေးလို့မရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

အခုလို ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ပိုးတွေ့ရှိမှုနဲ့ပတ်သက်ပြီး side effectsဘာတွေရှိလာနိုင်သလဲဆိုတာ ဒေါက်တာမျိုးသက်ဦးကို မေးမြန်းရာမှာတော့ “ပိုးတွေ့လူနာက ကိုဗစ်ကာကွယ်ဆေးမထိုးခင်ကတည်းက ကိုဗစ်ပိုးကူးစက်ခံထားရခြင်းဖြစ်နိုင်တယ်၊ ကာကွယ်ဆေးထိုးပြီးမှ ကူးစက်ခံရတာ မဖြစ်နိုင်ဘူး၊ လက်ရှိ အနံ့ပျောက်လက္ခဏာ တစ်ခုပဲရှိတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့ လူနာကို ကိုဗစ်လူနာတွေ စောင့်ရှာက်တဲ့ပုံစံအတိုင်း ကျန်းမာရေးစောင်ေ့ရှာက်မှုပေးနေပြီး ဒီဖြစ်စဉ်ကို အထက်တာဝန်ရှိသူတွေဆီ တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ချောက်မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးထားတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်း ၃၄၀ ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ချောက် #ကိုဗစ်ဆေးထိုးပြီးတဲ့ #ဦးစီးမှူးတစ်ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW