လယ်ယာကဏ္ဍဥပဒေအပေါ် အိန္ဒိယလယ်သမားတွေ အစာအငတ်ခံ ဆန္ဒပြနေကြ

ဒေလီ၊ ဇန်နဝါရီ ၃၀-၂၀၂၁
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ လူတစ်ဦးသေဆုံးပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့တဲ့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့ တစ်ပတ်အကြာမှာ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှု ဥပဒေအပေါ် ဆက်လက်ဆန္ဒပြမှုအဖြစ် ဇန်နဝါရီ ၃၀ ရက်မှာ တစ်ရက်တာအစာအငတ်ခံဆန္ဒပြမှုကို စတင်လိုက်ပါတယ်။

ဒီဥပဒေဟာ လယ်သမားတွေအတွက်မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက်သာ အကျိုးရှိတယ်ဆိုပြီး သောင်းပေါင်းများစွာသော လယ်သမားတွေဟာ နယူးဒေလီရဲ့ ဆင်ခြေဖုံးဒေသတွေမှာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြနေကြတာ နှစ်လကြာမြင့်နေပြီဖြစ်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာကျရောက်တဲ့ အိန္ဒိယသမ္မတနိုင်ငံထူထောင်တဲ့နေ့မှာ ထွန်စက်တွေနဲ့ ဆန္ဒပြဖို့ကို လယ်သမားတွေက စီစဉ်ခဲ့ပြီး ဆန္ဒပြသူအချို့ဟာ ကြိုတင်သဘောတူထားတဲ့လမ်းကြောင်းကနေသွေဖယ်ပြီး အတားအဆီးတွေကို ဖြတ်ကျော်ခဲ့တာကြောင့် မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး လူစုခွဲဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်ပြီးလုပ်တဲ့ ဇန်နဝါရီ ၃၀ ရက် အစာအငတ်ခံဆန္ဒပြမှုဟာ ဆန္ဒပြသူအများစု ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြတယ်ဆိုတာကို ပြည်သူတွေကို ပြသတာဖြစ်တယ်လို့ ဆန္ဒပြလယ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

လယ်သမားသမဂ္ဂတွေနဲ့ အစိုးရအကြား ၁၁ ကြိမ်တိုင်တိုင် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက်မရရှိဘဲ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေပါတယ်။

လယ်ယာကဏ္ဍဥပဒေကို ၁၈ လကြာဆိုင်းငံ့ထားမယ်လို့ အစိုးရက ကမ်းလှမ်းထားပေမယ့်လည်း လယ်သမားတွေက လက်မခံကြဘဲ အပြီးတိုင်မဖျက်သိမ်းဘူးဆိုရင် ဆန္ဒပြတာတွေကို ရပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW