ကလေးမြို့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲ

ကလေး-မတ်၁-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ ဆန္ဒပြပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ရာကနေ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်နေစဉ် ရဲတပ်ဖွဲ့နဲ့ စစ်ကားများ မလာနိုင်အောင် JCB ယာဉ်တစ်စီးက တားဆီးပေးခဲ့ရာကနေ JCB ယာဉ်မောင်းနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းခံလိုက်ရတဲ့ JCB ယာဉ်မောင်းနှစ်ဦးကို ပြန်ထုတ်ပေးဖို့ ဆန္ဒပြပြည်သူလူထုကနေ တောင်းဆိုခဲ့ကြပြီး ညနေ ၄ နာရီနောက်ဆုံးထားကာ ပြန်လည်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပေမယ့် လက်မခံတဲ့ ပြည်သူအချို့နဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးတို့နဲ့ လူစုခွဲခဲ့ပြီး ဆက်လက်တင်းမာနေချိန်မှာပဲ သံဃာတော်တွေ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒပြပြည်သူလူထုလည်း လူစုခွဲပေးလိုက်ပါတယ်။

နောက်ဆုံးစုံစမ်းမှုအရ အခု နေ့လည် ၁ နာရီခန့်မှာပဲ ရဲတပ်ဖွဲ့က ဖမ်းထားတဲ့ JCB ယာဉ်မောင်းနှစ်ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့ #မျက်ရည်ယိုဗုံး

Related posts

Leave a Comment

VOM News

FREE
VIEW