ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ကျည်ထိမှန်ခဲ့တဲ့ ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

ကလေး -မတ်-၄-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ဆန္ဒပြကြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်‌တွေနဲ့ ပစ်ခတ်ဖြိုခွင်းချိန်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ မနေ့က ညနေပိုင်းမှာပဲ မန္တလေးမြို့သို့ အရေးပေါ်ခွဲစိတ်ကုသဖို့ ပို့ဆောင်နေစဉ်မှာပဲ လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက အတည်ပြုပါတယ်။

မတ်လ ၂ ရက်တုန်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကလေးမြို့ မြို့လယ်ခေါင် လမ်းဆုံမီးပွိုင့်မှာ နေရာယူကာ ဆန္ဒပြပြည်သူလူထုအား မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရေကားတို့နဲ့ လူစုခွဲခဲ့တဲ့အပြင် ရာဘာကျည်၊ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် စိုးရိမ်ရသူ ၅ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ပါတယ်။

ဆန္ဒပြပြည်သူလူထုထဲမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့ စက်မှုဇုန် လှိုင်သာယာရပ်ကွက်က အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ ဂျိုင်းအောက်နဲ့ ရင်ဘတ်တို့မှာ ကျည်နှစ်ချက်ထိမှန်ခဲ့တာပါ။

ကျည်ထိမှန်တဲ့ဒဏ်ရာကြောင့် ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ပေမယ့် စိုးရိမ်ရတာကြောင့် မတ်လ ၃ ရက်နေ့ မနက်အစောပိုင်းမှာပဲ မန္တလေးမြို့သို့ ပို့ဆောင်ကုသဖို့သွားနေတဲ့ လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ မောင်ဇင်မျိုးမောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုအပြီး ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြလာတဲ့တစ်လျှောက် အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ ပထမဦးဆုံး ကျဆုံးခဲ့ရသူဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့ကသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW