ဒလမှာ မနေ့ညပိုင်းက စစ်တပ်က ပစ်ခတ်လို့ ရှစ်ဦးသေပြီး ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ မတ် ၂၇-၂၀၂၁
အေးချမ်းသူ(VOM)

ဒလမြို့နယ်မှာ မနေ့ မတ် ၂၆ ရက် ညပိုင်းက ဆန္ဒပြသပိတ်မှာ ပါဝင်တဲ့ မိန်းကလေးနှစ်ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ စစ်တပ်နဲ့ ပြည်သူလူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ စစ်တပ်က ပစ်ခတ်လို့ ရှစ်ဦးသေပြီးဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေထဲက တဦးဖြစ်တဲ့ ကိုရဲမြတ်သူရဲ့ မိသားစုဝင်တစ်ဦးက”သူက ဆန္ဒပြဖို့ထွက်သွားတာ စစ်တပ်ကပစ်တော့ တစ်ယောက်လည်ပင်းထိပြီး မြောင်းထဲကျသွားတယ် အဲ့ဒါကိုသွားဆွဲရင်း သူပါအပစ်ခံရတာ” လို့ VOMကို ပြောပါတယ်။

မနေ့ နေ့ခင်းပိုင်းက ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်သပိတ်မှာ မိန်းကလေးနှစ်ဦး အဖမ်းခံရလို့ ပြန်လည်လွှတ်ပေးဖို့ ဒလမြို့နယ် ရဲစခန်းနှင့် မြို့တော်ခန်းမအနီးတောင်းဆိုနေတဲ့ လူထုနဲ့ စစ်တပ် ထိပ်တိုက်တွေ့ရာမှ စစ်တပ်က ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်တယ်လို့ ကျန်စစ်သားရပ်ကွက်နေပြည်သူတစ်ဦးက VOMကို ပြောပါတယ်။

“ကျနော်တို့ရပ်ကွက်မှာ နှစ်ယောက်ကျတယ် ဦးဝင်းမြင့်နဲ့ကျော်ထက်အောင် ပွဲချင်းပြီးပဲ ကျည်စစ်နဲ့ကိုပစ်တာ” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ဦးဝင်းမြင့် (၄၆)နှစ် နတ်မောက်လမ်း၊ကျန်စစ်သားရပ်ကွက်နေသူ၊ ကိုကျော်ထက်အောင် (၁၉) နှစ် နတ်မောက်လမ်း ကျန်စစ်သားရပ်ကွက်နေသူ၊ ကိုရဲမြတ်သူ(၂၅)နှစ် ကမာကသွယ်ရပ်ကွက်နေသူ၊ ကိုဝေယံမင်းထင် (၂၃)နှစ် တပင်ရွှေထီးရပ်ကွက်နေသူ၊ ကိုအောင်ဇင်မြင့် (၁၉)နှစ် ၁၁/၁၄ရက်ကွက်နေသူတို့ ဖြစ်ပြီး ကျန်သုံးဦးစာရင်းကို ထပ်မံစုံစမ်းနေပါတယ်။

လက်ရှိအခြေအနေမှာ ဒလမြို့နယ် နေရာအနှံမှာ စစ်တပ်နဲ့ရဲတွေက လုံခြုံရေးအပြည့်ယူထားပြီး စောင့်ကြည့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo/CJ

#VoiceofMyanmar #VOM #ဒလ #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW