ပြည်မြို့မှာ လိုက်လံဖမ်းဆီးတာတွေရှိနေလို့ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြ

မတ် ၃၀ -၂၀၂၁
CK(VOM)

ပြည်မြို့မှာ ပစ်ခတ်မှုတွေ၊လိုက်လံ ဖမ်းဆီးမှုတွေရှိနေတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ သပိတ်စစ်ကြောင်းမထွက်နိုင်ဘဲ ပြောက်ကြားစနစ်သုံးပြီး ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

“အာဏာရှင်ကို အဆုံးထိတွန်းလှန်မှာဖြစ်တယ်။ ကျနော်တို့ကို ပူးပေါင်းပါဝင်ပေးကြပါ။ အဖမ်းအဆီးအပစ်အခတ်တွေရှိနေလည်း ရရာပုံစံနဲ့ဆန္ဒပြပြီးတွန်းလှန်နေပါတယ်။ အရေးတော်ပုံအောင်ရမယ်”လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။

ပြည်မြို့ရဲ့ မြို့တွင်းလမ်းမတစ်လျှောက်က ကိုးသောင်းမီးပွိုင့်နဲ့ မီးပွိုင့်အကျော်၊မရောက်မီ လမ်းခုလတ်နေရာတွေမှာ စစ်သားတွေက နေရာယူစောင့်ကြပ်နေပြီး ပညာရေးမှူးရုံးအနီးမှာလည်း ရဲကားတွေက နေရာယူထားတယ်လို့သိရပါတယ်။မြို့တွင်းကိုလည်း ကားနဲ့လှည့်လည်နေပါတယ်။

“မနေ့က ပညာရေးမှူးရုံးရှေ့မှာ ကားတာယာမီးရှို့ခဲ့လို့ အဲ့ဒီတစ်ဝိုက်မှာ စစ်သားတွေနဲ့ရဲတွေစောင့်နေတာဖြစ်မယ်။ညဆိုလည်း သေနတ်ဖောက်၊နေ့ဆိုလည်းဖောက် ဖမ်းနေတော့ ဆန္ဒပြဖို့လူစုချိန်မရဘဲ ပြောက်ကျားပဲသုံးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ပြီး မြန်မာ့စီးပွားရေးဘဏ်မှာလည်း အထုတ်အပိုးတွေနဲ့ ဘဏ်အတွင်းထဲအထိ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ပြောက်ကျားစနစ်နဲ့ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW