ကလေး-ဂန့်ဂေါလမ်းဘေးက ကျေးရွာသူရွာသားတွေ စစ်တပ်က လာတပ်စွဲလို့ ထွက်ပြေးတိမ်းရှောင်နေရ

ဧပြီ ၂-၂၀၂၁
သိမ်မွေ့ကဗျာ(VOM)

ကလေး-ဂန့်ဂေါလမ်းပိုင်းတစ်လျှောက်က ကျေးရွာအချို့မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက်တပ်စွဲထားတာကြောင့် ကျေးရွာသူ‌ကျေးရွာသား ၈၀ ရာခိုင်နှုန်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကို အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံကြတဲ့ ပြည်သူ‌တွေနဲ့ တိုက်ပွဲသဖွယ် ထိတွေ့မှုကို ကလေး-ဂန့်ဂေါလမ်းပိုင်းတစ်လျှောက်မှာ မတ်လ ၃၀ ရက်နေ့ကစတင်လို့ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းအထိ ဖြစ်ပွါးခဲ့တာပါ။

အဲဒီပစ်ခတ်ထိတွေ့မှုတွေမှာ စစ်တပ်က ဗုံးတွေ၊ RPG တွေလို ဖျက်အားပြင်းတဲ့ လက်နက်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် လက်နက်အင်အား မမျှတဲ့အချိန်မှာ ပြန်လည်ခုခံကြတဲ့ ပြည်သူတွေဟာ ဆုတ်ခွါပေးခဲ့ရကြောင်း တိုက်ပွဲတွင်းပါ၀င်သူတစ်ဦးက ပြောပါတယ်။

” မနေ့ကညနေပိုင်း ပြည်သူဖက်က ဆုတ်ခွာပေးလိုက်ချိန်မှာပဲ ထိတွေ့မှုဖြစ်တဲ့နေရာတွေမှာ စစ်တပ်က တပ်အင်အား အများအပြား လာချထားတယ်။ ပြီးတော့ သံဖိုရွာထဲလည်း အိမ်အချို့ကို ၀င်မေးတာ ၀င်ရှာတာတွေလုပ်တော့ အခု ရွာသူရွာသားတွေက ကြောက်လန့်ပြီး တောထဲတွေ ထွက်ပြေးတိမ်း‌ရှောင်နေကြတယ် ” လို့ ထွက်ပြေးတိမ်းရှောင်ရာမှာပါ၀င်တဲ့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

လောလောဆယ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးတာ နှိပ်စက်မှာ‌တွေ စိုးရိမ်တာကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းက စည်သာ၊ ငါးဖား၊ အောင်ချမ်းသာ၊ နတ်ချောင်း၊ ချောင်းခွ စတဲ့ ကျေးရွာတွေက ဒေသခံ ၈၀ ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသလို မတ်လ ၃၀ ရက်နေ့ကစလို့ ဧပြီလ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုများအတွင်း ပြည်သူဖက်က ၄ ဦး အနည်းဆုံးကျဆုံးခဲ့ပြီး ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဖက်ကလည်း စစ်သား ၆ ဦးထက်မနည်းကျဆုံးခဲ့တာနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပြပေမယ့် VOM က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကလေးမြို့ပေါ်မှာတော့ လက်ရှိ စစ်တပ်အင်အား အများအပြား နေရာအနှံ့ လုံခြုံရေးချထားတာတွေ့ရသလို ဒီနေ့ နေ့လယ် ၂း၁၅ ၀န်းကျင်မှာတော့ လေယာဉ်ကွင်းအတွင်း ‌အဖြူရောင်လေယာဉ်တစ်စီးဆိုက်ရောက်နေပြီး လေယာဉ်ကွင်းအတွင်း စစ်တပ်အင်အား အများအပြား လုံခြုံရေးယူထားတာလည်း တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ကလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW