ရခိုင်မှာ သုံးလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ (၂၄၀) ကျော်ထိရှိလာ

စစ်တွေ၊ ဩဂုတ် ၅ – ၂၀၂၁
HAS (VOM)

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူ (၂၄၂) ဦးရှိရှိလာပြီး ကိုဗစ်ကူးစက်ခံရသူ (၃၀၆၈) ဦးအထိ ရှိလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြည်နယ်တွင်း ပြီးခဲ့တဲ့ မေလ ဒုတိယပတ်ကစပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေမှာ ကိုဗစ်- ၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ကုန်းတွင်း ပိုးတွေ့အတည်ပြုလူနာလည်း များလာကာ သေဆုံးသူဦးရေလည်း တဖြည်းဖြည်း များလာပါတယ်။

ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေထဲမှာ အဓိကအားဖြင့် သက်ကြီးပိုင်းအရွယ် (ဥပမာ- ဆီးချို၊ သွေးတိုး) ရောဂါအခံရှိသူတွေဖြစ်ကြောင်း သိရပြီး လူငယ်လူလတ်ပိုင်းတွေလည်း သေဆုံးမှုရှိတာကို တွေ့ရပါတယ်။

ပြည်နယ်တွင်း ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးဟာ စစ်တွေမြို့နယ်ဖြစ်ပြီး သေဆုံးသူ (၅၉) ဦးနဲ့ ပိုးတွေ့အတည်ပြုလူနာ (၅၈၆) ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ နှစ်လလောက်အတွင်းကဆိုရင် ကိုဗစ်ကြောင့်သေဆုံးသူအများအပြားရှိခဲ့တာဟာ လူမှုကူညီရေးအသင်းတွေရဲ့စစ်တမ်းတွေအရ နဂိုကတည်းကရောဂါအခံတွေရှိတာကြောင့် ကိုဗစ်ပိုးကူးစက်ခံရမှုအခြေအနေဖြစ်တယ်လို့ ပြောလို့ရကြောင်း ရခိုင်ပြည်နယ်အတွင်း နာရေးကူညီမှုတွေဆောင်ရွက်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေရှင်း ဥက္ကဌ ကိုမင်းထည်ဝါကသုံးသပ်ပြောဆိုပါတယ်။

“ လက်ရှိ စစ်တွေမှာဆိုရင် ဆေးရုံတက်တဲ့လူနာတွေကတော့ အရင်ကထက်နည်းလာတယ်။ အရင်တုန်းကဆိုရင် ကျနော်တို့ နေ့ရောညပါ ဆေးရုံကို အနံ့ပျောက်တဲ့လူနာတွေ၊ အပြင်းဖျားတဲ့လူနာတွေကို ဆေးရုံကို လိုက်ပို့ပေးရတာရှိပါတယ်။ အခုတော့ အဲ့ဒီလိုအခြေအနေတွေ နည်းသွားတယ်။ ကျနော်တို့ရခိုင်မှာဆိုရင် ကိုဗစ်ကြောင့် လူငယ်ပိုင်းတွေလည်း ဆုံးသွားတာရှိပါတယ်။ သက်ကြီးပိုင်းတွေ၊ ရောဂါအခံရှိတဲ့သူတွေကတော့ အများစုတွေ့ရတယ်။” လို့ ကိုမင်းထည်ဝါကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တာဝန်ရှိသူတွေအနေနဲ့ ရောဂါထိန်းချုပ်နိုင်ရေးကို အခုထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ရောဂါကူးစက်မှုနှုန်း လျော့ချနိုင်လိမ့်မယ်လို့မြင်ကြောင်းနဲ့ လက်ရှိအချိန်ထိ အပြင်မှာလူတွေအများကြီး သွားလာနေကြတာတွေ့နေရတယ်လို့ ကိုမင်းထည်ဝါကပြောပါတယ်။

အေအေကလည်း ရခိုင်ပြည်နယ်အတွင်း မိမိအိမ်အတွင်းနေထိုင်ရေး Stay Home ကာလ (၂)ပတ် သတ်မှတ်ကြောင်း မနေ့ ဩဂုတ်လ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကလည်း Stay Home ကာလ ၂ ပတ်သတ်မှတ်ခဲ့ကာ မနေ့က သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လက်ရှိအချိန်ထိ Stay Home သတ်မှတ်ခြင်းမရှိသေးတာကလည်း ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဖူးပြီး လူစုလူဝေးပြုလုပ်ပါက အရေးယူသွားမှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

နောက်ထပ် ကိုဗစ်အတည်ပြုလူနာသေဆုံးသူ အများစုတွေ့ရှိရတဲ့ မြို့နယ်တွေကတော့ သံတွဲ (၂၆) ဦး၊ တောင်ကုတ် (၅၂)၊ ကျောက်ဖြူ (၂၂) ဦးနဲ့ ကျောက်တော်မြို့နယ်အတွင်း (၁၄) ဦးတို့ ဖြစ်ကြောင်းသိရပြီး ကူးစက်မှု ဒုတိယအများဆုံးကတော့ သေဆုံးသူ (၄) ဦးရှိတဲ့ ဂွမြို့နယ်ဖြစ်ပြီး (၄၆၅) ဦးထိ ကူးစက်ခံထားရကြောင်း သိရပါတယ်။

ပြည်နယ်တွင်း မောင်တောမြို့နယ်ကတော့ ကိုဗစ် ရောဂါကူးစက်ခံရမှု တတိယအများဆုံးဖြစ်ပြီး သေဆုံးသူ (၁၃) ဦးနဲ့ ရောဂါကူးစက်ခံရသူ (၄၄၇) ဦးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

မနေ့ ဩဂုတ်လ ၄ ရက်နေ့ကတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ (၃) ဦးရှိခဲ့ပြီး မောင်တော၊ တောင်ကုတ်နဲ့ မင်းပြားမြို့နယ်တို့မှာ တစ်ဦးစီသေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ရှင်သန်ရေးကူညီမှုအသင်းက ကိုညိုမင်းအောင်က “ အခုတော့ ကိုဗစ်ကူစက်မှုတွေရော၊ သေဆုံးမှုတွေရော နည်းနည်းငြိမ်သွားပါပြီ။ ဒီ (၃) ရက်လောက်အတွင်းမှာ ငြိမ်သွားတာ။ တောင်ကုတ်မှာကတော့ အောက်ဆီဂျင်အိုးတွေလည်း ဒီရက်ပိုင်းလုံလောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းအတွင်း သေဆုံးသူ (၃၇) ဦးရှိခဲ့ပြီး လက်ရှိ တတိယလှိုင်းမှာတော့ ဒုတိယလှိုင်းထက် သေဆုံးသူ (၂၄၂) ဦးနဲ့ သေဆုံးမှု ၆ ဆအထိမြင့်တက်နေတာကို တွေ့ရပါတယ်။

Photo- SYMT
#voiceofmyanmar #VOM #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW