ကချင်အမျိုးသားကွန်ဂရက် (KNC)ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ အဖမ်းခံရ

ဩဂုတ် ၂၆-၂၀၂၁
Voice Of Myanmar
 
နေပြည်တော်မှာ မနေ့ဩဂုတ်လ ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်က သွားဆေးခန်းပြပြီးပြန်လာတဲ့ ကချင်အမျိုးသားကွန်ဂရက်(KNC) ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ ဖမ်းဆီးခံခဲ့ရတယ်လို့ ပါတီရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ” မနေ့က ညနေ ၃ နာရီနဲ့ ၄ နာရီလောက် သူ့ကားနဲ့ သွားဆေးခန်းကို အသွားမှာလား အပြန်လားတော့ မသိဘူး အိမ်မှာတော့ မဟုတ်ဘူး ၅၀၅ (က) လို့ ပြောတယ်၊ လက်ရှိအချိန်အထိတော့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး၊ ပါတီတာဝန်ရှိသူတွေနဲ့လည်း အဆက်အသွယ် မရကြသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်”လို့ KNC ပါတီ ပြန်ကြားရေးတွဲဖက်တာဝန်ခံကပြောပါတယ်။
 
အဖမ်းခံရတဲ့ အကြောင်းအရင်းကို မေးကြည့်တော့လည်း ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ KPDF မှာ ဦးစီးဦးဆောင်လုပ်နေတာ၊ အမေး၊အဖြေကဏ္ဍတွေမှာ မေးထား ဖြေထားတာ၊ အခု UECက အစည်းအဝေးတက်ဖို့ ၂ ခါ ဖိတ်ထားရာမှာ မတက်တာတွေသာ မှန်းဆလို့ရပြီး အကြောင်းရင်း သေချာမသိရသေးဘူးလို့လည်း ပြောပါတယ်။
 
” သူတို့ရဲ့ အုပ်ချုပ်ပုံတွေ ဥပဒေပြုရေးကအစပေါ့ အုပ်ချုပ်ရေးကအစ ၊ တရားစီရင်ရေးကအစ ခိုင်မြဲတည်တံ့အောင်လုပ်နေ သွားနေတယ်လို့ မြင်တယ်၊ အဲ့ဒီလိုသွားနေတဲ့ အချိန်ကျတော့ အခု ကျွန်တော်တို့ တိုင်းရင်းသားတွေထဲက သူတို့နဲ့ နည်းနည်း အတိုက်အခံဖြစ်တဲ့ ဥစ္စာမျိုးတွေ၊ ပြီးတော့ သူတို့နဲ့ အတိုက်အခံဖြစ်မယ့်ပါတီတွေက အစပေါ့နော သူတို့တည်ဆောက်မယ့်အရာတစ်ခုကို တည်ဆောက်နိုင်အောင်လို့ သူတို့ရဲ့ဆူးညှောင့်ခလုတ်ဖြစ်မယ့်ဟာမျိုးကို ရှင်းတဲ့ဥစ္စာလို့ ကျွန်တော်ကတော့ မြင်တယ်လို့ ” KNC ပါတီ ပြန်ကြားရေးတွဲဖက်တာဝန်ခံက သူ့ရဲ့အမြင်ကို ပြောပါတယ်။
 
လက်ရှိ ချိန်အထိတော့ ဒေါက်တာအမ်ကောန်လကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိကြရသေးပါဘူး ။
 
ပါတီအနေနဲ့ကတော့ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ အကြောင်းစုံသိရဖို့ စုံစမ်းနေပြီး ဖြေရှင်းဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #KNCပါတီဥက္ကဌ #ဒေါက်တာအမ်ကောန်လ #အဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW