“ပလပ်စတစ်ပစ္စည်းတွေကို ဘာကြောင့် လျှော့သုံးသင့်တာလဲ”

သွေး (စစ်ကိုင်း)

မြစ်တွေ၊ ချောင်းတွေ၊ ရေ‌မြောင်းတွေထဲမှာ အလွယ်တကူတွေ့နိုင်တာတွေကတော့ ကြွပ်ကြွပ်အိတ်တွေနဲ့ ပလပ်စတစ် ဘူးခွံတွေပါပဲ။ ရေစီးရေလာကို ပိတ်ဆို့စေနိုင်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ ဖြစ်စေနိုင်တဲ့ ဒီပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနဲ့ ဆက်စပ်နေပါတယ်။

တခြား စွန့်ပစ်ပစ္စည်းတွေနဲ့ မတူတာက ကြွပ်ကြွပ်အိတ်တွေ၊ ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေဟာ အသုံးပြုရတာ လွယ်ကူသက်သာ ဖြစ်ပေမယ့် နှစ်ပေါင်းအတော်ကြာတဲ့အထိ မဆွေးမြေ့တာပါ။ ဒါကြောင့် ကမ္ဘာမြေရဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အပြင် အပင်နဲ့ သတ္တဝါတွေရဲ့ ရှင်သန်ရေးကိုပါ ကြီးမားစွာထိခိုက်စေပါတယ်။

ကျွန်မတို့ ငယ်စဉ်က ကြွပ်ကြွပ်အိတ်တွေကို အခုလို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပါဘူး။ ဈေးသွားတယ်ဆိုရင် ကြိမ်ဆွဲခြင်း၊ ဝါးဆွဲခြင်း ဒါမှမဟုတ် နှီးဆွဲခြင်းလေးတွေ ယူသွားရပြီး ဝယ်သမျှတွေကို ခြင်းထဲထည့်ဆွဲရပါတယ်။ ဈေးသည်တွေကလည်း အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်တွေကို အင်ဖက်တွေ နဲ့ ထုပ်ပိုးပြီး နှီးနဲ့
စည်းနှောင်ပေးကြသလို စားစရာတွေ ဝယ်ရင်လည်း ငှက်ပျောရွက်တွေနဲ့ ထည့်ပေးပါတယ်။

ကောက်ညှင်းပေါင်းတို့၊ မုန့်ပေါင်းတို့လို စားစရာတွေဆိုရင် ငှက်ပျောရွက်နံ့လေးပါ သင်းနေတဲ့အတွက် အရသာရှိလှပါတယ်။ ဒီလို
အင်ဖက်၊ ငှက်ပျောဖက်တွေ သုံးတဲ့ အကျိုးကျေးဇူးက သဘာဝဝန်းကျင်ကို ညစ်ညမ်းမှု မဖြစ်စေဘဲ စွန့်ပစ်အင်ဖက်၊ ငှက်ပျောဖက်အမှိုက်တွေက အမြန် ဆွေးမြေ့လွယ်ပါတယ်။

လက်ဖက်ရည်ကို ဆိုင်မှာ မသောက်ဘဲ အိမ်မှာသောက်ဖို့ သွားဝယ်တယ် ဆိုရင်လည်း ဒန်ချိုင့် ဒါမှမဟုတ် ဓာတ်ဘူးတစ်လုံး ယူသွားရပါတယ်။ လက်ဖက်ရည်ရောင်းသူက ဒန်ချိုင့်ထဲ ထည့်ပေး၊ ဓာတ်ဘူးထဲ
ထည့်ပေးတာပါ။ ဓာတ်ဘူးထဲ ထည့်ထားတာဖြစ်လို့ ဖိတ်မှာ၊စင်မှာ မစိုးရိမ်ရတဲ့အပြင် ဘယ်အချိန်သောက်သောက် ပူနွေးနေပါတယ်။

နောက်ပြီး သတင်းစာအဟောင်း၊ စက္ကူအဟောင်းတွေသုံးပြီး
ထုတ်ပိုးပေးခဲ့တာကိုလည်း မှတ်မိနေပါတယ်။ ဆေးခန်းတွေက ဆေးတွေ ထုပ်ပေးရာမှာ ဖြစ်ဖြစ်၊ ဆနွင်း၊ မဆလာ စတဲ့ ဟင်းခပ်အမွှေးအကြိုင်တွေ ထုပ်ပေးရာမှာ အသုံးပြုကြတာပါ။

ပလတ်စတစ် အသုံးပြုမှု များပြားလာပြီးတဲ့ နောက်မှာတော့ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေထဲမှာ ကြွပ်ကြွပ်အိတ်တွေက နေရာယူလာပါတော့တယ်။ ဈေးသွားရင် ဈေးခြင်း ဒါမှမဟုတ် ဆွဲခြင်းတွေ ယူလာစရာမလိုတော့တဲ့ အတွက် အလုပ်ရှုပ် သက်သာတယ် လို့ ထင်စရာပါ။

အသားဝယ်ရင် ကြွပ်ကြွပ်အိတ် တစ်လုံး၊ အသီးအရွက်ဝယ်ရင် ကြွပ်ကြွပ်အိတ် တစ်လုံး၊ ဆနွင်း၊ မဆလာ၊ ငါးပိ စတာတွေအတွက် ကြွပ်ကြွပ်အိတ်တစ်လုံးစီ စသဖြင့် အိတ်တွေဆွဲပြီး အိမ်ပြန်လာရုံပါပဲ။

ပြီးတော့ လက်ဖက်ရည်၊ ကော်ဖီကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီးလည်း ရောင်းချလာကြတာကြောင့် “ပါဆယ်”ဆိုတဲ့ စကားလည်း ခေတ်စားလာပါတယ်။

ခေါက်ဆွဲကြော်၊ ကြာဆန်ကြော်တွေ ဝယ်မယ်ဆိုရင်လည်း အရင်က
ငှက်ပျောရွက်အ၊င်ဖက်တွေအစား ကြွပ်ကြွပ်အိတ်တွေထဲ ထည့်ပေးရောင်းချလာကြပါတယ်။

အိမ်တစ်အိမ်မှာ ပလပ်စတစ်နဲ့ လွတ်ကင်းတဲ့ ပစ္စည်းကလည်း ခပ်ရှားရှားပါပဲ။ သွားပွတ်တံ၊ သောက်ရေခွက်၊ ချိုးရေခွက်၊ ရေသန့်ဘူး၊ ထမင်းစား ပန်းကန်တွေကအစ ပလပ်စတစ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

မြေအိုးထဲမှာ ရေထည့်သောက်တဲ့ ယဉ်ကျေးမှု ရှိနေသေးပေမယ့် အများစုက ရေသန့်ဘူးကိုပဲ မှာယူသောက်သုံးကြတာ ပိုများလာပါတယ်။

ရေသန့်ဘူး အကြီး၊အသေး အားလုံးဟာ ပလပ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သွားရင်းလာရင်း ရေဆာလာရင် အလွယ်တကူ ဝယ်သောက်နိုင်ဖို့ ရေသန့်ဘူးတွေက ဈေးကွက်ထဲမှာ တွင်ကျယ်လာပါတော့တယ်။ အိမ်မှာသုံးတဲ့ ရေသန့်ဘူးကြီး၊ လမ်းသွားရင် ဆောင်သွားရတဲ့ ရေသန့်ဘူးသေး၊ တစ်ခါသောက် ရေသန့်ဘူးငယ်တွေဟာ ပလပ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်လို့ သူတို့ကို စွန့်ပစ်ရာမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ရေသန့်ဘူးခွံတွေကို ရေမြောင်းတွေထဲ စွန့်ပစ်တာ၊ လမ်းဘေးမှာ အလွယ်တကူ စွန့်ပစ်တတ်ကြတာ များပါတယ်။

အဲ့ဒီ ပလပ်စတစ်ဘူးခွံတွေ ပလပ်စတစ်အိတ်တွေက ရေစီးရေလာကို ပိတ်ဆို့စေပြီး မိုးရွာတဲ့ အခါ ရေကြီး၊ ရေလျှံတာတွေ မကြာခဏ ဖြစ်ပေါ် စေတာ တွေ့ရပါတယ်။

ပလပ်စတစ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ပူနွေးတဲ့ လက်ဖက်ရည်, ကော်ဖီ၊ ခေါက်ဆွဲ၊ ကြာဆန်၊ မုန့်ဟင်းခါး စတဲ့ အစားအစာတွေနဲ့ ထိတွေ့ရင် ဓာတ်ပြုပျော်ဝင်နိုင်ပြီး အဲဒီဓာတ်ပြုပျော်ဝင်မှုကို စားသုံးမိပါက စားသုံးသူရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ကင်ဆာအပါဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြားသော နာတာရှည်ရောဂါအမျိုးမျိုး ဖြစ်ပေါ်စေနိုင်တာကြောင့် အထူးသတိပြုသင့်ပါတယ်။

ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဟင်းချိုတွေကို ပလပ်စတစ်အိတ်၊ ပလပ်စတစ်ခွက်၊ ပလပ်စတစ် ပန်းကန်တွေ သုံးပြီး မသောက်သုံးသင့်ပါဘူး။

အိမ်ရှင်မတစ်ဦး ဈေးကို တစ်ခါသွားတိုင်း ဝယ်ယူတဲ့ပစ္စည်းတွေ အပေါ်မူတည်ပြီး ကြွပ်ကြွပ်အိတ် အနည်းဆုံး ၅လုံး လက်ကဆွဲပြီး ပြန်လာကြမှာပါ။ တစ်နေ့ကို ကြွပ်ကြွပ်အိတ် ၅ လုံးဆိုရင် တစ်လမှာ ပျမ်းမျှအားဖြင့် ကြွပ်ကြွပ်အိတ် အလုံး ၁၅၀ ထိရှိလာမှာ ဖြစ်ပြီး၊ ၁ နှစ်မှာတော့ ပျမ်းမျှ အလုံးရေ ၅၄,၇၅၀ ထိ ရှိနိုင်ပါတယ်။

ဒီကြွပ်ကြွပ်အိတ်တွေဟာ နေအိမ်အမှိုက်ခြင်းကနေ ရပ်ကွက်အမှိုက်ပုံဆီရောက်၊ အဲ့ဒီကနေ စည်ပင်သာယာအမှိုက်သိမ်းယာဉ်နဲ့ မြို့ပြင်အမှိုက်ပုံရောက်တဲ့တိုင် ဆွေးမြေ့မှုမရှိဘဲ နှစ်ပေါင်း ရာချီကြာညောင်းတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာတဝှမ်းမှာ ပလပ်စတစ်လျှော့သုံးဖို့ အသိပေး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာရတာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ၊ ပင်လယ်သမုဒ္ဒရာတွေမှာလည်း စွန့်ပစ် ပလပ်စတစ်တွေက အန္တရာယ်ပြုလာနေပါတယ်။ ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကို ဒီပစ္စည်းတွေက ခြိမ်းခြောက်နေပြီး၊ စားစရာထင်ပြီး ထိုးဟပ်၊ မြိုချမိကြတဲ့ ဝေလငါးတွေ၊ ငါးမန်းတွေ၊ မိကျောင်းတွေ အပါအဝင် အခြားသော ရေနေသတ္တဝါတွေ သေဆုံးနေကြရတဲ့သတင်းတွေ မကြာခဏ ဖတ်ရှုနေရပါတယ်။

သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက “ပလပ်စတစ် ညစ်ညမ်းမှု”
(Plastic Pollution) လို့တောင် ခေါ်ဝေါ် သုံးနှုန်းလာကြပြီး ကမ္ဘာပေါ်မှာ ပလပ်စတစ် သုံးစွဲမှု တွင်ကျယ်လာတာက ၁၉၅၀ ခုနှစ်နောက်ပိုင်းက စတင်တာ လို့ ဆိုပါတယ်။

ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်လာတဲ့ ပလပ်စတစ်အမှိုက်တွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးက စည်းကမ်းမဲ့စွန့်ပစ်မှု၊ ကုန်းတွင်းပိုင်းမှာ မိုးရွာပြီး ရေစီးနဲ့ အတူ ချောင်းတွေ၊ မြစ်တွေကနေ အဆင့်ဆင့်သယ်ဆောင်ရောက်ရှိလာမှု၊ ချောင်း၊မြောင်း၊အင်းအိုင်တွေထဲ မီးဖိုချောင်ထွက် အမှိုက်တွေကို အသိမဲ့ စွန့်ပစ်မှု၊ လေပြင်းနဲ့အတူ လွင့်ပါလာပြီး ရောက်ရှိလာမှု စတဲ့အခြေအနေတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန်ပဲ ဖြစ်ဖြစ်၊ ရေနေသတ္တဝါပဲ ဖြစ်ဖြစ် ပလပ်စတစ် အမှိုက်စကို မျိုချမိရင် ဘယ်လိုမှ အစာမချေနိုင်တဲ့အပြင် ကိုယ်တွင်း အစာချေအင်္ဂါတွေကိုပါ ထိခိုက်ပျက်စီးစေပြီး သေဆုံးသွားစေနိုင်ပါတယ်။

ဒါ့အပြင် သီးနှံစိုက်ပျိုးရတဲ့ ဥယျာဉ်ခြံမြေတွေထဲ၊ လယ်မြေတွေထဲမှာ ပလပ်စတစ်တွေ ရှိနေမယ်ဆိုရင် သီးနှံအထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့အပြင် အပင်ရဲ့ အရေးပါတဲ့ အမြစ်တွေက ပလပ်စတစ်ကို မထိုးဖောက်နိုင်ဘဲ အပင်တွေ သေဆုံးသွားစေနိုင်ပါတယ်။ ပလပ်စတစ်က ဆွေးမြေ့ဖို့ မလွယ်ကူတဲ့အတွက် မြေဆီ၊ မြေနှစ်ကိုလည်း ခန်းခြောက်စေပါတယ်။

ဒီလို အဘက်ဘက်ကနေ ဆိုးကျိုး အကျိုးဆက်တွေပေးနိုင်တဲ့ ပလပ်စတစ်နဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက ပလပ်စတစ် တစ်ခါသုံးပစ္စည်း ၁၀ မျိုးကို မသုံးစွဲရန် တားမြစ်ထားပါတယ်။ အဲ့ဒီထဲမှာ လက်ဖက်ရည်၊ ကော်ဖီ၊ အအေးသောက်ရာမှာသုံးတဲ့ တစ်ခါသုံး ပလပ်စတစ်ခွက်နဲ့ ပလပ်စတစ်ပိုက် စတာတွေပါဝင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

မေးစရာရှိတာက ပလပ်စတစ် သုံးစွဲမှုကို ကျွန်မတို့ ဘယ်လို လျှော့ချကြမလဲ ဆိုတာပါ။ “R” သုံးလုံး လို့ခေါ်တဲ့ Reduce, Reuse, Recycle တို့ကို ကျင့်သုံးပြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Reduce က ပလပ်စတစ်ကို လျှော့သုံးတာ ဖြစ်ပြီး၊ ဈေးသွားတဲ့အခါ အိတ်ကြီးကြီး တစ်လုံး၊ ဒါမှမဟုတ် ထည့်စရာတစ်ခုခုကို ယူဆောင်သွားရင် ကြွပ်ကြွပ်အိတ် လျှော့သုံးပြီးသား ဖြစ်သွားမှာပါ။ သဘာဝဝန်းကျင်နဲ့ ကိုက်ညီတဲ့ ပြန်လျှော်သုံးလို့ရတဲ့ အိတ်တွေသုံးရင် ပိုကောင်းပါတယ်။

Reuse က ပြန်သုံးလို့ရတဲ့ ပလပ်စတစ်ကို ပြန်လည်အသုံးပြုတာ ဖြစ်ပြီး၊ ဈေးဝယ်စင်တာက ထုပ်ပိုးပေးလိုက်တဲ့ အိတ်ကို အမှိုက်ထည့်ဖို့ ပြန်သုံးတာ၊ သုံးလို့ရတဲ့ ပလပ်စတစ်ဘူးတွေကို လွှင့်မပစ်ဘဲ ပြန်သုံးတာမျိုးပါ။

Recycle ကတော့ ကျိုလို့ရတဲ့ ပလပ်စတစ်ပစ္စည်းတွေကို ပြန်ကျိုပြီး တခြားပစ္စည်းတွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ပြည်သူအချင်းချင်းကြား ပလပ်စတစ်ရဲ့ ဆိုးကျိုးတွေသိလာအောင် လျှော့သုံးဖြစ်အောင် အသိပညာမျှဝေတာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အရင်က ကျင့်သုံးခဲ့တဲ့ အစားအသောက် ထုပ်ပိုး ရောင်းချတဲ့ အလေ့အထလေးတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုတာ တွေ့ပါတယ်။ တစ်ခါသုံးပစ္စည်းတွေကို အလွန်အကျွံမသုံးဘဲ ဖန်ခွက်တွေ၊ ကြွေခွက်တွေနဲ့ လက်ဖက်ရည်, ကော်ဖီ သောက်မယ်၊ ရေသန့်အပါအဝင် အစားအသောက်တွေ ထုပ်ပိုးရာမှာ ပလပ်စတစ် ကြွပ်ကြွပ်အိတ်တွေ လျှော့သုံးမယ်၊ ဈေးသွားတိုင်း ထည့်စရာ တစ်ခုခုယူသွားကြမယ်ဆိုရင် ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်ပေးပြီးသား ဖြစ်သွားရသလို သင့်ကျန်းမာရေးကိုပါ စောင့်ရှောက်ပြီးသား ဖြစ်သွားမှာပါ လို့ အကြံပြတင်ပြလိုက်ပါတယ်။

ဆောင်းပါးပါ အကြောင်းအရာတွေဟာ ဆောင်းပါးရှင်ရဲ့အာဘော်သာဖြစ်သည်။

#voiceofmyanmar #VOM #ပလတ်စတစ် #ဘယ်လိုအသုံးပြုမလဲ

Related posts

Leave a Comment

VOM News

FREE
VIEW