ကြေးမုံသတင်းထောက် ဆိုသူတယောက် သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၂၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရန်ကုန်တိုင်း ၊ ဒဂုန်ဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယျာဥ်မြို့တော် အိမ်ယာ ၁၅ လမ်း ၊ A မှာ နေထိုင်တဲ့သတင်းထောက် တဦး မနေ့သြဂုတ် ၂၆ ညနေပိုင်းက သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ယုဇန ဥယျာဥ်မြို့တော်နေ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
“ကိုရဲကြီးလို့ခေါ်ကြတာပါ ၊ သူက ကြေးမုံသတင်းစာမှာ သတင်းထောက်လုပ်တယ် ၊ နောက်ပြီး ပြည်ခိုင်ဖြိုးလည်းဖြစ်တယ် ၊ သံပုံးတီးတဲ့အိမ်တွေကို စစ်သားနဲ့ရဲက ဝင်ရောက်ဖမ်းတာ သူ့ကြောင့်လို့ နာမည်ထွက်နေတာ ကြားမိတယ် ” လို့ သေဆုံးသူနဲ့ ရင်းနှီးခဲ့ဖူးသူ တစ်ယောက်ကပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာ Yangon Revolution Group (YRG) အဖွဲ့ရဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရဲကြီးဆိုသူကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
 
ဒါ့အပြင် ရန်ကုန် သတင်းမီဒီယာ အသိုင်းအဝိုင်းရဲ့ သတင်းထောက်တချို့ကတော့ အခု သေဆုံးသွားတဲ့ သတင်းထောက်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ရခိုင်ပြည်ကနေ ရန်ကုန်ကို အထောက်အထားမဲ့ လူမျိုးတွေကို အခကြေးငွေယူပြီး ကားနဲ့သယ်ဆောင်လာတဲ့အတွက် လမ်းမှာ သက်ဆိုင်ရာရဲ့ စစ်ဆေး ဖမ်းဆီးခြင်းကိုခံရပြီး ထောင်ကျလွတ်မြောက်လာသူ ကြေးမုံ သတင်းစာ သတင်းထောက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုတာတွေလည်း ရှိပါတယ်။
 
အဲ့ဒီလို ခန့်မှန်းပြောဆိုနေတာတွေ၊ သေဆုံးသူ ကြေးမုံသတင်းစာမှာ သတင်းထောက် ဆက်လုပ်သေးတယ်မလုပ်ဘူးဆိုတာနော့ VOM က သီးခြားအတည်ပြုနိုင်ဖို့ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #vom #ယုဇနဥယျာဉ်မြို့တော်

Related posts

Leave a Comment

VOM News

FREE
VIEW