မင်္ဂလာတောင်ညွှန့်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူငယ်တစ်ဦးသေဆုံး

ရန်ကုန်၊သြဂုတ် ၂၇၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာစျေးအနီး၊ ၁၂၂လမ်းမှာ မနေ့ ဩဂုတ်လ ၂၆ရက် ည ၈နာရီက ပစ်ခတ်မှုဖြစ်ခဲ့ပြီး အမျိုးသားလူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
“မနေ့ညပိုင်းက ၁၂၂ လမ်းထိပ်မှာ အရက်သမား ၁ဦးက အရက်သောက်ထားပြီး စစ်တပ်ကို ရုတ်တရက်မြင်လို့ အော်ဟစ်ထွက်ပြေးရာကနေ ပစ်ခတ်မှုစတင်ခဲ့တယ်၊ အဲ့ဒီအမူးသမားက သွားဆဲတယ်လို့ကြားတယ်၊ အရက်မူးနေတော့ ကြောက်ပြီးထွက်ပြေးတယ်လည်းပြောတယ်၊ အဲ့ဒီမှာ ကင်းလှည့်နေတဲ့စစ်တပ်ကတွေ့ရာ အကုန်လိုက်ပစ်တော့တာပဲ”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
လိုက်လံပစ်ခတ်မှုကြောင့် ၁၂၁လမ်းမှာ နွားနို့ရောင်းနေတဲ့ အမျိုးသားလူငယ်တစ်ဦး လည်ပင်းကို ကျည်ထိမှန်ကာ သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ ၁၂၁လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
သေနတ်ပစ်ခတ်မှုတွေပြီးသွားချိန် နွားနို့ရောင်းတဲ့ လူငယ်တစ်ဦးပျောက်ဆုံးနေလို့ မိသားစုဝင်တွေက ရပ်ကွက်ရုံးကိုအကြောင်းကြားပြီး လိုက်လံရှာဖွေရာ နောက်ဖေးလမ်းကြားအတွင်း ကျည်မှန်တဲ့ဒဏ်ရာနဲ့ သွေးထွက်လွန် သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW