မလိခမြစ်ရေ ပူတာအိုခရိုင်မှာ ပေ ၃၀ ကျော်အထိ မြင့်တက်ခဲ့

ဩဂုတ် ၂၇-၂၀၂၁
Voice Of Myanmar
 
ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်အတွင်းက မလိခမြစ်မှာ မနေ့ဩဂုတ် ၂၆ ရက် ညနေပိုင်းကစပြီး ပေ ၃၀ ကျော်တဲ့အထိ ရေတက်လာပြီး စိုးရိမ်ရေမှတ်အထိ မြင့်တက်ခဲ့တယ်လို့ ပူတာအိုမြို့နယ် ၊ မန်ပန်ကျေးရွာ၊ ဓမ္မရက္ခိတကျောင်း ဆရာတော်က မိန့်ကြားပါတယ်။
 
မနေ့ တက်ခဲ့တဲ့ မလိခမြစ်ရေအခြေအနေဟာ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာ မြစ်ကမ်းအနီး လူနေရပ်ကွက်၊ လူနေအိမ်တွေ မလိခမြစ်‌ကြောင်း တစ်လျှောက်အနီးက ကျေးရွာတွေမှာလည်း ရေဝင်ရောက်ခဲ့ပါတယ်။
 
ဒီနေ့ ဩဂုတ် ၂၇ ရက်နေ့ မှာတော့ မန်ပန်ကျေးရွာဘက်မှာ မြစ်ရေ ၂၆ ပေလောက်ကျသွားပြီး၊ ကောင့်မှုလုံဘက်မှာတော့ ၉ ပေလောက်ပဲကျသွားတယ်လို့ သိရပါတယ်။
 
” မြစ်ကမ်းနားတွေတော့ တစ်ချို့ရွေ့ရတာရှိပေမယ့်။ ဒီမှာကရေကြီးလည်းခဏပါ။ တောင်ပေါ်ဆိုတော့ ။ တချို့စိုးရိမ်လို့ ဆက်သွယ်လာပေမယ့်၊ ရေပြန်ကျသွားတော့ကူညီကယ်ဆယ်ရေးတွေ သွားစရာ မလိုတော့ဘူး။ တဖြည်းဖြည်းနဲ့ပြန်ကျသွားတာ အခုစိုးရိမ်စရာမရှိတော့တဲ့ရေအမှတ်မှာပါ။” လို့ ရေကြီးပြီးလက်ရှိအခြေအနေကို ဆရာတော်က မိန့်ကြားပါတယ်။
 
ရေတက်ထားလို့ ဒေသခံတွေ ကြုံရနိုင်တဲ့ စိုးရိမ်စရာ အခြေအနေတွေ မေ့ကြည့်တော့ ” အများကြီးမတွေ့နိုင်ပါဘူး၊ ဒါပေမယ့် ပတ်ကြည့်ရအုံးမယ်။ လယ်ယာတွေ ပျက်စီးနိုင်ပါတယ်။ လယ်ရေလွမ်းပြီး ရေမြုပ်ပြီးနွံဖို့ရင် ဆုံးရှုံးနိုင်ပါတယ်။ ဒီမှာက ယာစပါးတောင်ထွက်တော့မယ်။ လယ်ပြီးတာ တစ်လကျော်ပြီ။ ရေမြုပ်မှာမကြောက်ဘူး၊ နွံဖုံးမှာ ကြောက်ရတာလို့ ” ဆရာတော် အရှင်ဝဏ္ဏဓမ္မက ရှင်းပြပါတယ်။
 
မြစ်ရေအခြေအနေကတော့ မနေ့ ည ၉ နာရီ အထိ ရေတက်နေပြီး ည ၁၁ နာရီမှာ မိုးရပ်ကာ ရေကျသွားတယ်လို့ သိရပါတယ် ။
 
သြဂုတ်လ ၂၅ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုက ရပ်သွားပြီး လက်ရှိမှာ နှင်းပြန်ပိတ်နေတယ်လို့ သိရပါတယ် ။
 
အခုတက်တဲ့ရေဟာ နှစ်၂၀အတွင်း အကြီးဆုံးဖြစ်တယ်လို့ ဆရာတော်က သူ့အတွေ့အကြုံကို မိန့်ကြားထားပါတယ်။
 
#voiceofmyanmar #VOM #ပူတာအို

Related posts

Leave a Comment

VOM News

FREE
VIEW