တန့်ဆည်မြို့နယ် သမဝါယမအသင်းဥက္ကဌ အသတ်ခံရ

သြဂုတ် ၂၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ကျေးရွာနေ တန့်ဆည်မြို့နယ်သမဝါယမ အသင်းဥက္ကဌ ရဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို ဒီကနေ့ မနက်အစောပိုင်းက တွေ့ရတယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ် ။
 
” သေဆုံးသူက မြို့နယ်သမဝါယမအသင်းဥက္ကဌ ဦးကျော်ညွှန့်ဖြစ်တယ် ၊ သူရဲ့ ရုပ်အလောင်းကို ဒီမနက် အစောပိုင်းက ပဲခင်းကြီးသုဿန်နားက တွေ့ရတာ ၊ ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ် “လို့ တန့်ဆည်မြို့ခံတစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် တန့်ဆည်လမ်းဆုံမှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပြောတာက ” ကာပေါင်းကျဘက်မှာလည်း ညက ပစ်တာခတ်တာရှိတယ် ၊ ကြက်ဆူကန်ရွာမှာနေတဲ့ သမဥက္ကဌရဲ့အိမ်ကို လူ ၂၀ လောက်ဝင်ပြီး သမဥက္ကဌကိုဖမ်းသွားတယ် ၊ သူ့မိန်းမလည်း ဓားဒဏ်ရာ ရတယ်လို့တော့ ကြားရတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ အသေခြာတော့ မသိရသေးဘူး၊ သမ ဥက္ကဋ္ဌ သေတာတော့ အတည်ပြုလို့ရတယ် ” လို့ ဖြစ်ပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တန့်ဆည်မြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးကို သီးခြားသတင်းအတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ မရသေးပါဘူး။
 
ရွှေဘိုခရိုင် ၆ မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် ၂ လအပါအဝင် ရက်ပေါင်း ၈၀ ကျော်အတွင်း လူသတ်မှုဖြစ်စဥ် အကြိမ်ရေအများဆုံးနဲ့ လူသတ်မှုကြောင့် သေဆုံးသူ အများဆုံးမြို့နယ်ဟာ တန့်ဆည်မြို့နယ်ဖြစ်ပြီး သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ဦးခေါင်းပြတ်ဒဏ်ရာတွေ အများဆုံးပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW