သြဂုတ် ၂၈-၂၀၂၁
KK(VOM)
တာချီလိတ်မြို့နယ်မှာ မနေ့ည ၁၀ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” မနေ့ညပိုင်းက တောင်ကြီးနဲ့တာချီလိတ်ကားလမ်းမပေါ်က မြို့နယ်စည်ပင်သာယာရေးဌာနရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာ၊ ဗုံးပေါက်တာက အကျယ်ကြီးပဲ၊ စည်ပင်ရုံးက ခရိုင်ရုံးတွေ ရဲစခန်းတွေနဲ့နီးတယ် အဲ့ဒီနားမှာပေါက်တာ၊ လူထိခိုက်မှုမရှိပေမယ့် စစ်တပ်နဲ့ရဲတွေဟာ နီးစပ်ရာလိုက်လံရှာဖွေပြီး လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့တယ်၊ ဖမ်းခံရတဲ့သူက CCTVမှာ ဗုံးထောင်တဲ့သူနဲ့
ဆိုင်ကယ်ချင်းတူတယ်ဆိုပြီးဖမ်းတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ပြီးနောက် ရန်အောင်မြေရပ်ကွက်၊ ပေါသျှံ(၁)လမ်းအတွင်း စစ်တပ်နဲ့ရဲတွေက အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့နယ်ဟာ ညမထွက်ရ အမိန့်ကို ဖေဖော်ဝါရီ ၉ရက်က ထုတ်ပြန်ကြေညာထားပြီး အမိန့်မလိုက်နာလို့ ပုဒ်မ-၁၈၈နဲ့ အရေးယူခံရသူတွေလည်းရှိတယ်လို့ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။
မနေ့ညက ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်စည်ပင်သာယာရေးဌာနဟာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကညနရုံး၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံး နဲ့ ယာဉ်ထိန်းရဲရုံးတို့နဲ့ နီးစပ်တဲ့နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #တာချီလိတ်