ဘဏ်ငွေထုတ်ခွင့် ကန့်သတ်ချက်တွေကို စက်တင်ဘာလမှာ စတင်ဖြေလျှော့ပေးမယ်လို့သိရ

သြဂုတ် ၂၈ -၂၀၂၁
CKC(VOM)
 
ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ထုတ်ယူရတဲ့ကိစ္စကို လာမယ့် စက်တင်ဘာလ လဆန်းပိုင်းက စတင်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်ကပြောပါတယ်။
 
“စက်တင်ဘာလထဲမှာ စပြီးတော့ တဖြည်းဖြည်း ဖြေလျှော့သွားမှာပါ။ ကျနော်တို့ပြောထားတဲ့အတိုင်းပါပဲ ။ ငွေထုတ်တာတွေနဲ့ပတ်သက်ပြီး တိုးထုတ်နိုင်ဖို့ပေါ့။လက်ရှိဖြစ်နေတဲ့ အခြေအနေတစ်ခုထက် အဆင်ပြေအောင်ပေါ့ ။ ဥပမာပေါ့ ATM ပေါ့ ဒါကရှင်းလင်းအောင်ပြောပြတာပေါ့ ATMတွေမှာဆိုရင် ပိုက်ဆံထုတ်လို့မရဘူးရှိတယ်၊ ဒါတွေဆို ပတ်ဝန်းကျင်ထိတွေ့မှုအများဆုံးနေရာတွေမှာ ပြဿနာတွေရှိနိုင်တာပေါ့။နောက်တစ်ခါ ဘဏ်တွေမှာ ၂၀၀ ၊ ၂၀ ကန့်သတ်ထားတာရှိတယ်။တကယ်တမ်းကျ ၂၀၀ ၊ ၂၀ တောင်မပေးကြဘူးဖြစ်နေတယ်။ဒါတွေကိုလည်း ဘဏ်တွေကိုကန့်သတ်ချက်နဲ့အညီ အပြည့်အဝထုတ်ပေးဖို့ဆိုတာတွေလုပ်မယ်”လို့ ဦးဝင်းသော်က ပြောပါတယ်။
 
လက်ရှိဖြစ်နေတဲ့အခြေအနေတွေကနေ ပိုပြီးအဆင်ပြေအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်း ငွေသားထုတ်ယူမှုဆိုင်ရာကန့်သတ်ချက်တွေဖြေလျော့ပြီးဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
 
“နောက်တဆင့်က ပရောဂျက်တွေရှိတယ်၊ တချို့ဆိုရင်နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ ချက်စ်တွေရပြီးတော့ ၂၀၀ ထုတ်တော့ လုပ်အားခပေးဖို့မလုံလောက်ဘူးပေါ့။အခက်အခဲတွေရှိတယ်။ ဒီလိုကိစ္စတွေကိုလည်း case by case ပေါ့ ၊ရွေးပြီးတော့ Government နဲ့သက်ဆိုင်တဲ့ sector ထဲကနေ နိုင်ငံတော်တိုးတက်ရေးလုပ်နေတဲ့လုပ်ငန်းတွေ construction လုပ်ငန်းတွေဆို ဒါမျိုးတွေဆိုရင် ခုနတုန်းက ဒီ၂၀၀ ဆိုတဲ့သတ်မှတ်ချက်မဟုတ်ဘဲနဲ့ case by case နဲ့ ကန့်သတ်ချက်တွေထက်လျှော့လုပ်ပေးတာမျိုးပေါ့ အဆင့်လိုက် အဆင့်လိုက်လုပ်သွားမှာပေါ့။ “လို့ သူကဆက်လက်ပြောပြပါတယ်။
 
ဗဟိုဘဏ်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘဏ်တွေကနေ ငွေထုတ်ယူခွင့်နဲ့ပတ်သက်လို့ ATM စက်ကနေ တစ်ရက်ကို ငွေကျပ် ငါးသိန်းကျပ် ၊ ဘဏ်ကနေ တစ်ဦးချင်းအကောင့်နဲ့ တစ်ပတ်ကို ငွေကျပ် သိန်း ၂၀ ကျပ် ၊ ကုမ္ပဏီ၊အဖွဲ့အစည်းတွေအတွက်က ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
 
အဲ့ဒီညွှန်ကြားချက်ထုတ်ပြန်မှုအပြိးမှာ ပုဂ္ဂလိက ဘဏ်တွေဘက်က ငွေသားထုတ်ပေးမှုနဲ့ပတ်သက်ပြီးကန့်သတ်မှုတွေလုပ်လာခဲ့တာကြောင့် ATM တွေမှာ ငွေထုတ်ဖို့အတွက် လူပေါင်းရာနဲ့ချီ တန်းစီစောင့်ခဲ့ရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
 
အဲ့ဒီနောက် ATM စက်တွေမှာ ငွေဖြည့်တင်းမှုတဖြည်းဖြည်းလျော့နည်းလာပြီး အခုဆိုရင် နေပြည်တော် ၊ရန်ကုန် ၊ မန္တလေးမြို့တို့လိုနေရာတွေက ATMစက်အချို့မှာပဲ ငွေဖြည့်တင်းမှုရှိပြီး ကျန်တဲ့နေရာဒေသတွေမှာ ATMကနေ ငွေထုတ်ယူလို့မရတော့တာကို တွေ့ရပါတယ်။
 
#voiceofmyanmar #VOM #ဘဏ်ငွေထုတ်ခွင့် #ကန့်သတ်ချက် #ဖြေလျှော့ပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW