ဧည့်စာရင်းစစ်တယ်ဆိုပြီး သင်္ဃန်းကျွန်းအပါအဝင် မြို့နယ်(၄)မြို့နယ်က လူအချို့ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၉-၂၀၂၁
KK(VOM)
 
ရန်ကုန်ရှိ သင်္ဃန်းကျွန်း၊မြောက်ဥက္ကလာ၊လှိုင်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး လူငယ်အချို့ကို စစ်တပ်နဲ့ရဲတွေဟာ မနေ့ဩဂုတ်လ ၂၈ရက် ညပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ ၅ လမ်းမှာ မနေ့ည ၆နာရီခွဲက လူငယ်တစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
“စစ်သားတွေရော ရဲတွေရော အရပ်ဝတ်ရောပါတယ်၊ ဖမ်းမဲ့တိုက်ကို ဟိုဘက်ဒီဘက်ပိတ်ပြီး ပြေးပေါက်မရှိအောင်လုပ်ပြီး ဖမ်းတာ၊ ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး”လို့ သူကရှင်းပြပါတယ်။
 
မြောက်ဥက္ကလာမြို့နယ်၊ ဋရပ်ကွက်နဲ့ ၂ရပ်ကွက်မှာ မနေ့ည ၁၀ နာရီက ဥဇ္ဇနာ ၉လမ်းနဲ့ သုမာလာလမ်းက လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ၂ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
 
လှိုင်မြို့နယ်၊ ၉ရပ်ကွက်၊ ကန်လမ်းမှာလည်း ဧည့်စာရင်းစစ်တယ်ဆိုပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
 
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီးမှာ မနေ့ညနေပိုင်းက အမျိုးသမီးတစ်ဦးကို စစ်တပ်နဲ့ရဲတွေဟာ ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
 
မနေ့ညပိုင်းကလည်း တောင်ဒဂုံ၊သင်္ဃန်ကျွန်း၊တောင်
ဥက္ကလာမှ ပြည်သူအချို့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသေးတယ်။
 
AAPPရဲ့ ဩဂုတ် (၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံး နစကလက်ထက်မှာ ဖမ်းဆီးခံရသူ ၇၆၂၇ဦးဦး၊ ချုပ်နှောင်ထားခံရသူ ၆၀၀၂ဦး နဲ့ဖမ်းဝရမ်းထုတ်ခံရသူ ၁၉၈၄ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်
ပုံစာ-ပြီးခဲ့တဲ့ရက်ပိုင်းက ဧည့်စာရင်းစစ်နေတဲ့ ရန်ကုန်မြို့တနေရာ

Related posts

Leave a Comment

VOM News

FREE
VIEW