မိုးအဆက်မပြတ် ရွာတဲ့အတွက် မုံရွာ-ခန္တီး ဗျူဟာလမ်းမှာ ကားတွေသွားမရဖြစ်နေ

သြဂုတ် ၊ ၃၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာ -ခန္တီး မဟာမြိုင် ဗျူဟာလမ်းဟာ သြဂုတ် ၂၈ ကစလို့ ဒီကနေ့အထိ သွားလာလို့မရပဲ ကားတွေအများအပြား ပိတ်ပိနေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေရဲ့ ​​အပြောအရ သိရပါတယ်။
 
” မိုးအဆက်မပြတ်ရွာနေတယ် မုံရွာ ကလေးဝ လမ်းပိုင်း တောကျင်နဲ့ အောင်ချမ်းသာကြားမှာ ၁ နေရာနဲ့ အောင်ချမ်းသာ လမ်းခွဲကနေ မုံရွာ ဖောင်းပြင် ဟုမ္မလင်း လမ်းပိုင်းမှာ ၃ နေရာ မြေသားလမ်းချော်တာနဲ့ မြေပြို ဗွက်နစ်တာတွေဖြစ်တယ် ” လို့ ကုန်တင်ယာဥ်မောင်း တစ်ဦးက ပြောပါတယ်။
 
မုံရွာ ဖောင်းပြင် ဟုမ္မလင်း ခန္တီး မဟာမြိုင် ဗျူးဟာလမ်းဟာ နှစ်စဥ် ဇွန် ဇူလိုင် လတွေဆိုရင် ကုန်တင်ယာဥ်တွေ ပြေးဆွဲသွားလာတာ မရှိတော့ဘဲ ရပ်နားထားကြတာဖြစ်ပါတယ်။
 
” နှစ်တိုင်းက ချင်းတွင်းအထက်ပိုင်းကို ကုန်းလမ်းကုန်စည်ပို့ဆောင်ရေး
လုပ်ငန်းတွေ မိုးရာသီဆို နားကြတယ် ၊ မြစ်ကြောင်းက ရေလမ်းကောင်းပြီဆိုတော့ အညာကုန်စည်တွေကို ရေယာဥ်တွေနဲ့ ပို့ဆောင်ကြတာဖြစ်တယ် ၊ ဒီနှစ်က ရေလမ်းကြောင်းကောင်းပေမယ့် ကုန်တင်ရေယာဥ်အများစု မပြေးဆွဲပဲ နားထားကြလို့ ကုန်းလမ်းကနေ ကုန်စည်တွေပို့ဆောင်နေရင် မဟာမြိုင် ဗျူဟာလမ်းမှာ မိုးများလို့ ကားတွေပိတ်မိနေတာ ” လို့ မုံရွာ ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ် ။
 
အထက်ချင်းတွင်း ဒေသဖြစ်တဲ့ မော်လိုက် ဖောင်းပြင် ဟုမ္မလင်း ခန္တီး စတဲ့မြို့နယ်တွေရဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေဟာ နွေရာသီမှာ ချင်းတွင်းမြစ်က ရေကြောင်းကြပ်တာကြောင့် ကုန်းလမ်းပို့ဆောင်ရေး စနစ်ကို ပြောင်းလဲ အသုံးပြုကြတယ် ၊ တခါ မိုးကာလကိုရောက်ရင် တောင်ပေါ်​မေသားလမ်း တချို့ပျက်စီးပြီး ချောင်းမြှောင်း ရေကျော်တာတွေရှိတဲ့အတွက် ရေလမ်းကြောင်းကို ပြန်ပြောင်း အသုံးပြုကြတာဖြစ်တယ် ။
 
ဒီနှစ် မိုးရာသီမှာ ရေလမ်းကြောင်းတွေ ကောင်းမွန်နေပြီ ဖြစ်ပေမယ့် ရေလမ်းကြောင်းလုံခြုံမှုမရှိတာကြောင့် ကုန်တင်ရေယာဥ်အများစုက နားထားကြတဲ့အတွက် ကုန်းကြောင်းကို ခက်ခဲတဲ့ကြားက အသုံးပြုနေရတာဖြစ်ပါတယ်။
 
အခုလ ၂၀ ရက်ကစလို့ နေစဥ်လိုလို အညာဒေသမှာ မိုးရွာသွင်းမှုများတာကြောင့် ခုလကုန်အထိ လမ်းပွင့်ဖို့ အလားအလာ မရှိသေးဘူးလို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #အထက်ချင်းတွင်း #မုံရွာ #ခန္တီး

Related posts

Leave a Comment

VOM News

FREE
VIEW