မုံးကိုးမြို့နယ် နမ်ဟာရွာက မိသားစုဝင် ၄ ဦး လက်နက်ကြီးကျည်ထိပြီး သေဆုံး

ဩဂုတ် ၃၀-၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံကျေးရွာအုပ်စု၊ မုံးကိုးကနေ ၅ မိုင်ခန့်အကွာက နမ့်ဟာရွာမှာ မနေ့ ဩဂုတ် ၂၉ ရက်နေ့ မနက်ပိုင်းက ထွက်မပြေးဘဲ နေအိမ်မှာကျန်နေတဲ့ မိသားစု ၉ ‌ဦးထဲက မိသားစုဝင် ၄ ဦး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက် ထိမှန်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
“နမ့်ဟာဘက်မှာက မနက် ၆နာရီ ကတည်းက တိုက်ပွဲဖြစ်တာ။ ၉ နာရီ ၆ မိနစ်မှာ အဲ့ဒီအိမ်ပေါ် ကျည်ကျလာတယ်။ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီးကြီး ၂ ဦး လက်နက်ကြီးထိပြီး သေသွားတယ်။ မီးလောင်တဲ့ အိမ်လည်း ရှိတယ်။” လို့ ရွာခံတစ်ဦးက ပြောပါတယ်။
 
ဖြစ်စဉ်ကို မျက်မြင်တွေ့သူ မုံးကိုးမြို့ခံတစ်ဦးကလည်း “လက်နက်ကြီးကို နေရာအစုံကနေ ပစ်ပေးနေတယ်။ မန်ဂျပ်တောင်ကုန်း၊ဖောင်းဆိုင်နဲ့ ကိုးကန့် ဘက်ကနေလည်း ပစ်၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာ” လို့ ပြောပါတယ်။
 
သေဆုံးသူတွေဟာ ဦးအိုက်အူး အသက် ၃၂ နှစ်၊ ​မောင်​အောင်ခိုင် အသက် ၁၀ နှစ် နဲ့ ​ဒေါ် အီ​မောန်း အသက် ၆၃ နှစ်၊ ​ဒေါ်အီမိုး အသက် ၈၂ နှစ်တို့ဖြစ်ပါတယ်။
 
ရွာအုပ်ချုပ်ပိုင်း တာဝန်ရှိသူတစ်ဦးက” တိုက်ပွဲ ပြင်းထန်နေတာကြောင့် အလောင်းမကောက်နိုင်ခဲ့ဘဲ ထွက်‌ပြေးတိမ်းရှောင်ကြရတယ်၊ ညနေပိုင်း ပစ်ခတ်မှုတွေ တည်ငြိမ်သွားမှ ရွာကိုပြန်ပြီး သင်္ဂြိုလ်ရတယ်၊ ရွာထဲမှာ ဘာတွေ ဖြစ်‌သေးသလဲဆိုတာ မသိရသေးဘူး။ မီး‌လောင်တဲ့ အိမ်တွေလည်း မြင်ခဲ့တယ်။ လိုက်မကြည့်ရသေးဘူး”လို့ ပြောပါတယ်။
 
ဒေသခံ ၄ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ မည်သည့်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
 
နမ့်ဟာရွာခံတွေက ဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ နဲ့ ကောင်းလုံရွာခံတွေကတော့ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ ယာယီတိမ်းရှောင်‌နေကြရတယ်လို့ သိရပါတယ်။
 
နမ့်ဟာရွာမှာ အိမ်ခြေ ၁၀၃ အိမ်၊ လူဦီးရေ ၅၅၈ ဦး၊ ကောင်းလုံရွာမှာ အိမ်ခြေ ၂၇ အိမ်၊ လူဦးရေ ၆၀ ကျော် ရှိပြီး ရွာတွေကနေ သက်ကြီး၊ရွယ်အိုတွေကလွဲပြီး ဒေသခံစုစုပေါင်း ၆၀၀ကျော်ခန့် မုံးကိုးမြို့ပေါ်ကို ခြေကျင်၊ ဆိုင်ကယ်တွေနဲ့ ဆင်းလာကြတယ်လို့ သိရပါတယ်။
 
ဩဂုတ်လ ၂၈ရက်နဲ့၂၉ ရက်တို့မှာ နစကတပ် နဲ့ KIAတပ်၊ MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နစကတပ်ဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ MNDAA အနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဩဂုတ်လ ၂၉ ရက် ညနေပိုင်းက ကိုးကန့်ဘက်ကနေ သတင်းထုတ်ပြန်ထားသလို စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်လို့လည်း သိရပါတယ်။
 
ဇူလိုင် ၁၈ ရက်ကနေစပြီး ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုးဘက်က တချို့နေရာတွေမှာ နစကတပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဇူလိုင်လဆန်းကတည်းက နစကတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်ပြီး ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေဘက်က ဒေသခံ ၁၉၀ ကျော်လည်း လက်ရှိထိ တရုတ်-မြန်မာနယ်စပ်ဘက် တိုက်ပွဲ ရှောင်နေရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် လူမှုကူညီမှုတွေ ဖြတ်တောက်ခံထားရပြီး ဩဂုတ်လ ၄ ရက်နေ့ကစတင်ကာ ကြူကုတ် (ပန်ဆိုင်း)အနီးနားရှိ ရွာပေါင်း ၉ ရွာက စစ်ရှောင် ၁၄၀၀ ကျော်ဟာ မြို့ထဲက ဆွေမျိုးတွေရဲ့နေအိမ်တွေနဲ့ တရုတ်နယ်စပ် လယ်တောတွေထဲမှာ ယာယီတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
Photo – ဒေသခံများ
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW