ဆန်တွေတင်လာတဲ့ကားတစ်စီး ဗုံးခွဲခံရပြီး ယာဉ်မောင်း အရပ်သားတစ်ဦး သေဆုံး

စက်တင်ဘာ ၁၀-၂၀၂၁
Shy V (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း)ကြား လုံခန်ရွာအနီးမှာ ဆန်အိတ်တွေတင်လာတဲ့ကားတစ်စီး ဗုံးခွဲခံရပြီး ယာဉ်မောင်းဖြစ်သူ အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဆန်တင်တဲ့ တရုတ် တုံဖုန်းကားအသေးပါ။ ကားမောင်းတဲ့သူလည်း အဲ့ဒီကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။ နမ့်တောင်းအဝင် လွယ်ဝိန်း၊ လုံခန် – လွယ်ဝိန်းအောက်က အကွေ့မှာ စစ်တပ်ရဲ့ ရိက္ခာတင်လာတဲ့ တုံဖုန်းကားကို နေ့ခင်း ၁ နာရီ ကျော်ခန့်မှာ လာဖောက်ခွဲပစ်လိုက်တာ၊ ကားသမားတော့ အဲ့ဒီနေရာမှာပဲ သေသွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ နမ့်တောင်းအကျော် ကြူကုတ် (ပန်ဆိုင်း)သွားတဲ့ အေးရှားဝေါလ်ဂိတ်အဟောင်းမှာ MNDAA အဖွဲ့က ဖြတ်သွား၊ ဖြတ်လာလူတွေကို စစ်ဆေးနေပြီး မန်ခုံလုံရွာမှာ စစ်တပ်တွေရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေပြောချက်အရ သိရပါတယ်။
 
“စစ်တပ်နဲ့ ကိုးကန့်တွေက အရမ်းနီးနေပြီ။ တိုက်ပွဲပြန်ဖြစ်နိုင်တယ်၊”လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
 
စစ်တပ်နဲ့ လက်နက်ကိုင်တွေအကြား အကြိမ်အနည်းငယ် ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး အခင်းဖြစ်ပွားရာနေရာတွေကိုလည်း မသွားရဲတဲ့အနေအထား ရှိနေတယ်လို့ သိရပါတယ်။
 
နမ့်တောင်းရွာခံတစ်ဦးက “မှန်တယ်။ ကျွန်တော်တို့တော့ သွားမကြည့်ဘူး။ နမ့်တောင်းနဲ့ လုံခန် တောင်တက် နည်းနည်းရှိတဲ့ အကွေ့မှာလေ။ ဟို လုံခန်ကွင်းပြင် ကြံခင်းတွေကျော်ပြီး ဟိုး လုံခန်ရွာအနီးက အကွေ့မှာ။ အဲ့ဒီမှာ ဆန်နဲ့ ရိက္ခာတင်တဲ့ကား ဟုတ်တယ်။ တရုတ် တုံဖုန်းကား။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လာဖောက်ခွဲသွားတယ်။ လက်နက်ကြီးက နှစ်ခါ အသံကြားတယ်။ လက်နက်ငယ်လည်း နှစ်ချက်၊ သုံးချက် ကြားပြီး ငြိမ်သွားပြီ။ သေနတ်သံကြားတော့ ရွာကလူတွေလည်း ထွက်ပြီး သွားမကြည့်ရဲဘူး။ ဒီကြားထဲမှာ ဒီရွာနားတဝိုက် TNLA နဲ့ MNDAA တို့ ရောပြီး သွားလာနေတာတွေ့ရတယ်။ တပ်ပေါင်းစုပေါ့။” လို့ ပြောပါတယ်။
 
ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီ ခွဲ အချိန်ခန့် ဗုံးဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး ယာဉ်မောင်းပါ သေဆုံးသွားပေမယ့် စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့လည်း အလောင်းကို သွားမကောက်ရဲဘဲ လက်ရှိ ညနေ ၆ နာရီ ထိုးခါနီးအချိန်ထိ သေဆုံးသွားတဲ့ ကားသမားရဲ့အလောင်းက ဒီအတိုင်းပဲ ရှိနေသေးလို့ သိရပါတယ်။
 
“ကားတော့ မီးလောင်နေတယ်။ ကားသမားကတော့ သေဆုံးနေတယ်၊ အခုထိ ဘယ်သူမှ အလောင်းလာမကောက်သေးဘူး ရှိနေသေးတယ်။ ကားသမားက ဘယ်သူဆိုတာ မသိသေးဘူး။ အင်္ကျီအနီဝတ်ထားတာ။ TNLA ကလည်း အဲ့ဒီနားမှာ ရှိနေသေးတော့ ဘယ်သူမှ အဲ့ဒီနားမသွားရဲကြဘူး။ အဲ့ဒီလိုဆိုတော့ တပ်ဖွဲ့ကပဲ လာမကောက်ရင် ကျွန်တော်တို့ အရပ်သားပြည်သူတွေလည်း ဘယ်သူမှ သွားမကောက်ရဲဘူး။” လို့ နမ့်တောင်း ရွာခံတစ်ဦးက ဆက်ပြောပါတယ်။
 
ဒေသခံတွေအနေနဲ့ တပ်ရိက္ခာတင်ချောကားကို လက်နက်ကိုင်တွေက လာရောက် ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်နိုင်ကြောင်း နဲ့ အဲ့ဒီကားဟာ စစ်တပ်အတွက် ရိက္ခာတင်လာတဲ့ကားဖြစ်တယ်လို့ ပြောဆိုကြပေမယ့် VOM အနေနဲ့ကတော့ အတည်ပြုလို့မရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
 
မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးမြို့နယ် အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစ စက်တင်ဘာ လဆန်းပိုင်းအထိ စစ်တပ်နဲ့ MNDAA တို့အကြား တိုက်ပွဲ မကြာခဏ ပြင်းထန်ခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။
 
ဒီကနေ့ ဗုံးကွဲမှုဖြစ်တဲ့ဒေသတွေဟာ MNDAA, မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၊ KIA၊ နစကတပ်တွေနဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားသွားလာရာ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
 
တိုက်ပွဲကြောင့် မုံးကိုး၊ ဖောင်းဆိုင် နဲ့ ကြူကုန် (ပန်ဆိုင်း) တွေမှာ စစ်ဘေးဒုက္ခသည် ၂၂၀၀ ကျော် ရှိနေပြီး နေရာ အခက်အခဲ၊ အစားအသောက်၊ ဆေးဝါးတွေ ခက်ခဲနေတဲ့အပြင် ကူးစက်ရောဂါဖြစ်ပွားမှာကိုလည်း စိုးရိမ်နေရတယ်လို့ စီမံခန့်ခွဲနေသူတွေက ပြောပါတယ်။
 
Video -မျက်မြင်ဒေသခံ
#voiceofmyanmar #VOM #မူဆယ

Related posts

Leave a Comment

VOM News

FREE
VIEW