မင်းကင်းနယ်က လူ၄ယောက်ကို လက်နက်ကိုင်အဖွဲ့တခုကဖမ်းပြီး ပစ်သတ်ပေမယ့် တယောက်မသေဘဲလွတ်မြောက်လာ

စက်တင်ဘာ ၊ ၁၀
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် သင်တောကျေးရွာအုပ်စု ၊ ကမ်းပြည့်ကျေးရွာမှ ရောက်ရှိနေတဲ့ လမ်းတံတား တည်ဆောက်ရေး အထူး (၇) အဖွဲ့ကဆိုတဲ့ လမ်းလုပ်သားတွေကို ဩဂုတ်လ ၇ ရက် ည ၈ နာရီ အချိန်မှာ သေနတ်တွေကိုင်ဆောင်ထားတဲ့ လူအယောက် ၅၀ ကျော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ခဲ့တယ်လို့ မင်းကင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
မင်းကင်းမြို့နယ် ကမ်းပြည့်ရွာခံ တစ်ယောက်ပြောပြတာက
 
“အောင်ဆန်းဦးရဲ့ အိမ်ကိုဝင်ရောက်လာခဲ့ပြီး အဲ့ဒီအိမ်မှာ တည်းခိုနေတဲ့ လမ်းတံတား တည်ဆောက်ရေး အထူး ၇ အဖွဲ့က လမ်းလုပ်သား ၃ ယောက်နဲ့ အိမ်ရှင် ကိုအောင်ဆန်းဦး အပါအဝင် လူ ၄ ယောက်ကို လက်နောက်ပြန်ကြိုးတုတ် ကမ်းပြည့်ရွာရဲ့ အနောက်ဘက်၊ ချောင်းဝရွာလမ်းခွဲဘက်ကို ဖမ်းဆီးသွားပြီး သေနတ်နဲ့ ပစ်လိုက်တာ” လို့ ပြောပြပါတယ်။
 
အဲ့ဒီလို ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး အားလုံးကို သေနတ်နဲ့ပစ်သတ်ပေမယ့် အိမ်ရှင် ကိုအောင်ဆန်းဦး က ဒဏ်ရာတွေနဲ့ လွတ်မြောက်လာတယ်လို့ ဆွေမျိုးနီးစပ်သူတဦးက ပြောပြပါတယ်။
 
” သေနတ်နဲ့ မပစ်ခင်မှာ ၄ ယောက်စလုံး ဝမ်းလျားမှောက်ခိုင်း သေနတ်ဒင်တွေနဲ့ ရိုက်နှက် ပြီး ပစ်တယ်။ ကိုအောင်ဆန်းဦးရဲ့ ခေါင်းမှာ ပေါက်ပြဲဒဏ်ရာတွေရတယ် ၊ အဲ့ဒီ အချိန်မှာ လူတွေကို သေ မသေဆိုတာ ပက်လက်လှမ်ပြီး ကြည့်တဲ့အချိန် ကိုအောင်ဆန်းဦးက အဲ့ဒီ အနီးမှာ ရှိတဲ့ ငါးကန်ထဲကို ခုန်ချပြီး ထွက်ပြေးတယ် ၊ အဲ့ဒီနောက် ကျူပင်တောကြားထဲမှာ တညလုံး ပုန်းအောင်းနေခဲ့တယ် ၊ အရပ်သား လက်နက်ကိုင်တွေက လိုက်ရှာတာ၊ ညဆိုတော့ မတွေ့ရဘူး ၊ အချိန်တော် တော် လိုက်ရှာကြပြီး သူတို့လည်း ၂ ဖွဲ့ကာ ၁ ဖွဲ့က ချောင်းဝရွာဘက် ကျန် ၁ ဖွဲ့က မြို့မရွာဘက် ထွက်သွားကြတယ် ၊ နောက်တနေ့ ( ၈) ရက် မနက် ၇ နာရီလောက်မှာ ကိုအောင်ဆန်းဦး ရွာပြန်ရောက်လာပြီး မနေ့ ( ၉ ရက်နေ့) က ဆေးရုံတက်ပြီး ဆေးကုခံနေတာ ” ဖြစ်တယ်လို့ ပြောပြပါတယ်။
 
အသတ်ခံလိုက်ရတဲ့သူတွေကတော့ ကိုထွန်းထွန်း အသက် ၃၀ နှစ် ၊ လမ်းအထူး ၇ အဖွဲ့ ယာဥ်မောင်း ကလေးမြို့နယ် သဲကုန်းတန်းကျေးရွာ ၊ ကိုကျောက်ခဲ အသက် ၃၀ နှစ် ဂန့်ဂေါမြို့နယ် မင်းရွာ ၊ အငယ်ကောင် အသက် ၂၂ နှစ် ယာဥ်မောင်း ဂန့်ဂေါမြို့နယ် မင်းရွာ ကလို့ သိရပါတယ်။
 
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ် မေးမြန်းတဲ့အခါ တာဝန်ရှိသူ တစ်ဦးဖြေကြားပြောတာက
 
” ဖြစ်စဥ်က အတည်ပြုနိုင်တာကြောင့် မင်းကင်းမြို့မရဲစခန်း (ပ) ၄၇ / ၂၀၂၁ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အရ အမှုဖွင့် ဆောင်ရွက်နေတယ် ” လို့ ဖြေပါတယ်။
 
မင်းကင်းမြို့နယ်ထဲက ရွာတွေမှာ ဇွန်လကနေ သြဂုတ်လအထိ လူပေါင်း ၄၀ ကျော် သတ်ခံရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
အဲ့ဒီ သေဆုံးသူတွေထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ဘုန်းကြီး ၊ ပြည်ခိုင်ဖြိုး ပါတီဝင် ၊ သတင်းပေး ဒလန်လို့ သတ်မှတ်ခံရသူ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ အရပ်ဖက် ကုမ္မဏီလုပ်သားတွေပါဝင်နေပြီး သေဆုံးသူတွေဟာ ကျည်ဆံထိမှန်ဒဏ်ရာ ၊ ပြတ်ရှထိုးသွင်းဒဏ်ရာ ၊ ဦးခေါင်းပြတ်ဒဏ်ရာ အပြင် မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးကြတာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မင်းကင်းလူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW