မုံရွာမြို့မှာ အလုပ်လက်မဲ့အခြေအနေတွေကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေးပိုကျပ်တည်းလာ

စက်တင်ဘာ ၁၁-၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ရပ်ကွက်တိုင်းမှာ တနေ့လုပ်တနေ့စားအခြေခံလူတန်းစားတွေအများအပြားရှိနေပါတယ်။

အဲ့ဒီအခြေခံလူတန်းစားတွေအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းနဲ့ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့လာကြတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အလံဖြူတွေထောင်ပြီး အကူအညီတောင်းခံစားသောက်ခဲ့ကြပေမယ့် တနေ့ထက်တနေ့ အလံဖြူထောင်တဲ့မိသားစုတွေများပြားလာတဲ့အတွက် အလှူရှင်တွေအနေနဲ့လည်း လှူဒါန်းမှုတွေလျော့နည်းလာတယ်လို့ သိရပါတယ်။

တချို့အလှူရှင်တွေမှာတော့ မုန့်ဟင်းခါး၊ ဆန်ပြုတ် စတာတွေကို တပိုင်တနိုင် ချက်ပြုတ်လှူဒါန်းမှုတွေရှိနေပြီး စားဝတ်နေရေးကျပ်တည်းနေသူတွေမှာ အဲ့ဒီအလှူရှင်တွေကိုပဲ အမှီပြုစားသောက်နေကြရတယ်လို့ ပြောဆိုကြပါတယ်။

အခုလိုအခြေအနေတွေဖြစ်နေတဲ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာ (၇) ရက်နေ့က NUG ရဲ့ ကြေညာချက်ကြောင့် မုံရွာမြို့ပေါ်ရပ်ကွက်တွေက ပြည်သူတွေအပါအဝင် ကျေးလက်တောရွာကပြည်သူတွေကပါ စားနပ်ရိက္ခာဝယ်ယူစုဆောင်းမှုတွေ ရှိလာခဲ့ပါတယ်။

အခုလိုအချိန်မှာ စီးပွားရေးအဆင်ပြေနေသူတွေက ဝယ်ယူစုဆောင်းနိုင်ကြပေမယ့် စားဝတ်နေရေးကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ကတော့ ဝယ်ယူစုဆောင်းနိုင်ခြင်းမရှိဘူးလို့ ပြောဆိုကြပါတယ်။

လက်ရှိအချိန်မှာ အဲ့ဒီကြေညာချက်ထုတ်ပြီးကတည်းက မုံရွာမြို့နဲ့အနီးတဝိုက်မှာ နေ့စဉ်ဆိုသလို ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေရှိနေတဲ့အတွက် အလုပ်အကိုင်နဲ့သွားရေးလာရေးတွေပါ ပိုမိုခက်ခဲလာကြပါတယ်။

ဒါ့ကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ အများပြည်သူတွေ စိုးရိမ်နေကြသလို ပြည်တွင်းစစ်သဏ္ဍန် ပစ်ခတ်မှုတွေဖြစ်လာခဲ့ရင် စားနပ်ရိက္ခာကြိုတင်စုဆောင်းထားနိုင်ခြင်းမရှိတဲ့အတွက် စစ်ဘေးနဲ့အငတ်ဘေးကိုပါ ကြုံတွေ့လာနိုင်တဲ့ ‌အခြေအနေတွေရှိနေတဲ့အကြောင်းကို VOMသတင်းထောက် ထွန်းတောက်က ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ #အခြေခံလူတန်းစား #စားဝတ်နေရေး #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW