ဂန့်ဂေါ ကလေး နယ် အစပ်မှာ လူနေအိမ် ၂ ရာနီးပါး မီးလောင်ခဲ့တာကြောင့် လူဦးရေ ၁ ထောင်ကျော် အရေးပေါ်အကူအညီလိုအပ်နေ

စက်တင်ဘာ ၁၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြားမှာရှိတဲ့ ရွာတွေထဲက ရွာပေါင်း ၁၁ ရွာမှာ စက်တင်ဘာ၁၀ ရက်နေ့ နောက်ပိုင်းက စလို့ ၇ရက်အတွင်း လူနေအိမ်တချို့ မီးလောင်ခဲ့တာကြောင့် လူဦးရေ ၁ ထောင်ဝန်းကျင်ဟာ ခိုကိုးရာမဲ့ ဖြစ်နေရတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မီးဘေးသင့်တာက ဂန့်ဂေါမြို့နယ်ဘက်က ရွာ ၄ ရွာနဲ့ ကလေးမြို့နယ်ဘက်က ရွာ ၇ ရွာ ၊ ဂန့်ဂေါ ကလေး ကားလမ်းကြောင်းမှာ မီးဘေးသင့်ရွာ အားလုံး ၁၁ ရွာဖြစ်တယ် ” လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
အခုလ ၉ ရက်နေ့ ကစလို့ အဲ့ဒီ မီးဘေးသင့် ရွာတွေအနီးမှာ စစ်သားတွေနဲ့ PDF အဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နောက်ပိုင်း နေအိမ် တချို့ မီးလောင်တာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရတယ်လို့ နယ်ခံတွေရဲ့ အပြောအရ သိရပါတယ်။
 
မီးလောင်တာတွေဖြစ်တဲ့ ရွာနာမည်တွေနဲ့ မီးလောင်တဲ့ အိမ်အရေအတွက်ကို နယ်ခံ မီးဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ ပရဟိတ စေတနာ့ဝန်ထမ်း တစ်ယောက်
ပြောပြတာက
 
“ဂန့်ဂေါမြို့နယ်ထဲက ရွာ ၄ ရွာက ထယ်လှော်ရွာ လူနေအိမ်၂၁ လုံး ၊ နှမ်းခါးရွာ ၅၂ လုံး ၊ မြင်သားရွာ ၂၅ လုံးနဲ့ သာလင်းရွာ ၁ လုံး ဖြစ်တယ် ၊ ကလေးမြို့နယ်ဘက်က ရွာ ၇ ရွာက ဒိုးနွယ်ရွာ ၄ လုံး ၊ တင်သားရွာ ၄ လုံး ၊ ကြံသာရွာ ၁၃ လုံး ၊ လယ်ခြားရွာ ၁ လုံး ၊ ကုက္ကိုရွာ ၃ လုံး ၊ ရေရှင်ရွာ ၈ လုံး ၊ ကျောက်ပြုတ်ရွာ ၂၄ လုံးဖြစ်တယ် ၊ ဒီအရေအတွက်ဟာ ခုလတ်တလော ဆက်သွယ်ရတဲ့ အရေအတွက်ဖြစ်တယ် စာရင်းထဲ မပါသေးတဲ့ ရွာတချို့ ကျန်နိုင်သေးတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ မီးဘေးသင့် နေရာတွေမှာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာနေတာအပြင် လမ်းခရီးအသွားလာ မသွားရဲတဲ့အတွက် ဘယ်ကမှ ကူညီထောက်ပံ့တာတွေ ရောက်မလာသေးတာကြောင့် စားဝတ်နေရေး အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
 
နောက်ပြီး အဲ့ဒီ မီးဘေးသင့် ဒေသတွေမှာ ကိုဗစ်ရောဂါ တတိယလှိုင်း ရိုက်ခတ်ခဲ့တာကြောင့် ယာယီ ကယ်ဆယ်ရေး ခိုလှုံဖို့နေရာတွေမှာ လူစု လူဝေးနဲ့ နေထိုင်ဖို့ အဆင်မပြေတဲ့အတွက်လည်း ပိုမို အခက်တွေ့စရာ အကြောင်းဖြစ်နေရတယ်လို့ သိရပါတယ်။
 
” မီးဘေးသင့် အိမ်ထောင်မိသားစု နဲ့ လူဦးရေ စာရင်းက အတိအကျရဖို့ အခက်အခဲရှိတယ် ၊ ဒီဘက်မှာက ပစ်ခတ်မှုတွေရှိနေပြီး ရွာတိုင်းလိုလို ရွာမှာ လူမရှိကြဘူး ၊ တိမ်းရှောင်နေကြတာဆိုတော့ တချို့ဆို ကိုယ့်မီးလောင်တာကို ကိုယ်မသိဘူး ဖြစ်နေတဲ့လူတွေလည်း ရှိနေသေးတယ် ၊ အကြမ်းဖျင်း အရတော့ အိမ်ထောင်စု ၃ ရာဝန်းကျင်နဲ့ လူဦးရေ ၁ ထောင်ဝန်းကျင် ဖြစ်မယ်” လို့ မီးဘေးသင့်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ နှမ်းခါးရွာခံ တစ်ယောက်က ပြောပါတယ်။
 
ဂန့်ဂေါ ကလေး ကားလမ်းမှာရှိတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇွန်လကစလို့ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး လူအသေအပျောက်များတဲ့အတွက် အသွားအလာ ကန့်သတ်ခံထားရပ်တယ်​။ ဒီကြားထဲတိုက်ပွဲ​တွေ မကြာခဏ ဖြစ်တတ်တာကြောင့် ရွာမှာ လူနေထိုင်မှု နည်းပါးလာကာ လူအများစုကတော့ နီးစပ်ရာ ယာခင်းတောတွေမှာ တိမ်းရှောင် ပုန်းခိုနေထိုင်ကြတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ဂန့်ဂေါ #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW