စစ်ကိုင်းတိုင်းထဲမှာ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေ အသတ်ခံရတဲ့ အရေအတွက် မြင့်တက်လာ

စက်တင်ဘာ ၊ ၁၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ရွှေသတ္ထုထွက်ရှိတဲ့ မြို့နယ်တွေမှာ ရွှေတူးဖော်ရေးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသတ်ခံရတဲ့ အရေအတွက် မြင့်တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဟိုးအရင်က ရွှေလုပ်ငန်းရှင်တူးဖော်ရေးအဖွဲ့တွေ သတ်ခံရတယ်ဆိုတာ မရှိဘူး ၊ ဘယ်သူလာပြီး အကူအညီတောင်းတောင်း ကူညီပေးနေတာဆိုတော့ ချစ်ခင်ရင်းနှီးသူတွေပေါတယ် ၊ အခု ၁ လ ၂ လအတွင်းမှာ ရွှေလုပ်ငန်းရှင်တွေကို အကြောင်းမဲ့ သတ်ဖြတ်ခံရတဲ့ အရေအတွက်က သိသိသာသာ တိုးလာနေတာ”လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်က ရွှေတူးဖော်ရေးလုပ်ငန်းရှင် လင်မယား ၂ ​ယောက်ဟာ တန့်ဆည်မြို့ကနေ ရွှေလုပ်ကွက်ရှိတဲဲ့နေရာကို ကားနဲ့အသွား သစ်စေးကိုင်းရွာနဲ့ ငှက်ပျောတောရွာအကြားမှာ ပစ်ခတ်ခံရတဲ့အတွက် အမျိုးသားဖြစ်သူဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အမျိုးသမီးကတော့ ကျည်ဆံမှန် ဒဏ်ရာ ၂ ချက်နဲ့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လထဲကလည်း အဲ့ဒီ ရွှေတူးဖော်ရေးလုပ်ကွက်တွေရှိတဲ့နေရာက ရွှေတူးဖော်ရေး လုပ်ငန်းရှင်၂ ဦးဟာ ကံထူးမစျေးတန်းကနေ စက်ပစ္စည်းတွေဝယ်ပြီး အပြန်လမ်းမှာ အသတ်ခံခဲ့ရပါသေးတယ်။
 
အခုလို ရွှေလုပ်ငန်းရှင်တွေကို အသတ်ခံနေရတာဟာ တန့်ဆည်မြို့နယ် ၁ ခုထဲမှာဖြစ်နေတာမဟုတ်ဘဲ စစ်ကိုင်းတိုင်းထဲက ရွှေသတ္ထုထွက်ရှိရာ ဟုမ္မလင်းမြို့နယ် ၊ ဗန်းမောက်မြို့နယ် ၊ ပင်လည်ဘူးမြို့နယ်နဲ့ ကောလင်းမြို့နယ်တွေဘက်မှာလည်း အလားတူဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လကစလို့ စက်တင်ဘာ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းထဲက ရွှေသတ္ထု ထွက်ရှိတဲ့မြို့နယ်တွေက ရွှေလုပ်ငန်းရှင် ၅ ဦးထက်မနည်း မသတ်ခံရတာရှိတယ်လို့ သိရပါတယ်။
 
# voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW