မြင်းခြံမှာ တစ်ရက်ထဲ လူ၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရ

စက်တင်ဘာ ၁၈-၂၀၂၁
GH ( VOM)
 
မန္တလေးတိုင်း၊ မြင်းခြံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ တစ်ရက်ထဲ လူ ၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ မိသားစုလိုက်ဖမ်းခံရသူတွေပါဝင်နေပြီး ဘာကြောင့်ဖမ်းဆီးသလဲ ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိရဘူးလို့ ပြောပါတယ်။
 
” ထိန်ပန်းရွာက ၂၃ ယောက်ဖမ်းခံရတယ် လို့သိရတယ်၊ နောက် မြင်းခြံမြို့ပေါ်က -ငွေစန္ဒာလျှပ်စစ်ဆိုင်က မိသားစု၄ဦးနဲ့ အလုပ်သမား၂ဦး ဖမ်းခံရတယ်။ နောက်ထပ်ဖမ်းခံရတာတွေလည်းရှိတယ် ၊ ဘာကြောင့်ဖမ်းလဲဆိုတာ ကျနော်တို့လည်းသေချာမသိဘူး၊ ဝင်စစ်ပြီးဖမ်းတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
 
ဖမ်းဆီးခံလိုက်ရသူတွေအနေနဲ့ ပြန်လွတ်လာသူရှိ၊မရှိကိုလည်း အတိအကျမသိရှိသေးကြောင်း ၊ လက်ရှိ မြင်းခြံမှာတော့ စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေတင်းကြပ်ထားပြီး လုံခြုံရေးအင်အားကိုလည်း နေရာတိုင်းမှာ ချထားတာတွေ့ရတယ်လို့ ပြောပါတယ်။
 
မြင်းခြံဒေသခံတစ်ဦးကလည်း” မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတချို့က ရွာတွေမှာ စစ်တပ်က တပ်စွဲထားလိုက်၊ ပြန်ဖြုတ်သွားလိုက်လုပ်နေတယ်။ ဟိုဘက်ရက်ကလည်း ဘေးရွာက မိုင်တဲတာဝါတိုင်ကို လာစောင့်ကြည့်ကြတာတွေ့တယ်။ရွာမှာက အခု မနက် ၁၁ ကျော်ရင်အပြင်မထွက်ဖို့ သူကြီးက လိုက်အော်ပြောထားလို့ မထွက်ရဲကြဘူး ” လို့ ပြောပါတယ်။
 
မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်က မြင်းခြံ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးကိုနီ ရဲ့အိမ်ကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သားဖြစ်သူ သေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
 
မြင်းခြံမှာ လူ ၃၀ ထက်မနည်း ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အတည်ပြုဖို့အတွက် ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖိုကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့တာကြောင့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
# voiceofmyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW