သုံးကြိမ်မြောက်မှာ သေနတ်နဲ့ပစ်ခံရပြီး ထီးချိုင့်နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၈-၂၀၂၁
ရွှေဘုန်းမြင့်စံ + KK (VOM)
 
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် အမှတ် ၁ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ မနေ့စက်တင်ဘာ ၁၇ရက်ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” အမှတ် ၁ရပ်ကွက်မှာ မနေ့ည၆နာရီချိန်က အမည်မသိအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို နေအိမ်ထဲဝင်ပြီး ရင်ဘတ်ကို သေနတ်နဲ့ပစ်သွားတာ၊ ဆေးရုံရောက်မှ သေသွားတာပါ၊ အရင်ကလည်း လုပ်ကြံတာတွေရှိတယ် ၊ ဒါပေမယ့် လွှတ်သေးတယ် အခုတစ်ကြိမ်တော့ သေနတ်နဲ့ပစ်လို့ သေသွားတာ”လို့ သူကပြောပါတယ်။
 
သေဆုံးသူမှာ ထီးချိုင့်မြို့နယ်၊ အမှတ် ၁ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဆိုသူဖြစ်ပြီး ပထမအကြိမ်က ဓားနဲ့ထိုးခံရတာကြောင့် ဆေးရုံတက်ခဲ့ရပြီး ဒုတိယအကြိမ်မှာ နေအိမ်ကိုလာရောက်လုပ်ကြံရာ မတွေ့တဲ့အတွက် သမီးနဲ့သားမက်ဖြစ်သူတို့ ကတ်ကြေးနဲ့ထိုးခဲ့ရလို့ ဆေးရုံတင်ခဲ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
 
အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က” အုပ်ကြီးက အိမ်ရှေ့မှာ ရှိနေတုန်း ဆိုင်ကယ် ၁ စီး လူ ၂ ယောက်က လမ်းပေါ်ကနေ သေနတ်နဲ့ ၇ ချက် ၊ ၈ ချက်လောက် ပစ်တာကို ခံလိုက်ရတာပါ ” လို့ ပြောပါတယ်။
 
နှစ်ကြိမ်တိုင်လုပ်ကြံခံရပြီးနောက် သေဆုံးသူဦးကျော်ထူးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးကနေ နှုတ်ထွက်ကြောင်း မြို့နယ်ထွေ/အုပ်မှာ စာတင်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦးနဲ့ တကောင်းနီကယ်စက်ရုံက အလုပ်သမားနှစ်ဦးလည်း သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ထိးချိုင့် #အုပ်ချုပ်ရေးမှူး #သေနတ်နဲ့ပစ်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW