တွံတေးမြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေနိုင်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁
KK(VOM)
 
တွံတေးမြို့နယ် NLDပါတီ တိုင်း(၂) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေနိုင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေအိမ်ပြန်လာချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ တွံတေးမြို့နယ်NLDပါတီဝင်တွေဆီက သိရပါတယ်။
 
တွံတေးမြို့နယ်NLDပါတီဝင်တစ်ဦးက”NLDနဲ့သက်ဆိုင်တဲ့သူတွေကို စစ်တပ်ကဖမ်းနေတာ သိကတည်းက ရှောင်နေတာ၊ တနေ့ကအိမ်ကိုပြန်လာတဲ့အချိန် လမ်းမှာအဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က နေအိမ်ကိုခေတ္တပြန်လာချိန်မှာ စစ်တပ်နဲ့ရဲတွေက လမ်းမှာပိတ်ဆို့ဖမ်းဆီးလိုက်တာဖြစ်ပြီး မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ သူကရှင်းပြပါတယ်။
 
ကိုနေနိုင်ဦးဟာ တွံတေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ NLDပါတီကိုယ်စားပြုပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာကို ၂၀၁၅နဲ့၂၀၂၀ (၂)ကြိမ်တိုင် အနိုင်ရရှိထားသူဖြစ်ပါတယ်။
 
သူဖမ်းဆီးခံရတဲ့နေ့မှာပဲ စစ်တပ်နဲ့ရဲတွေက တွံတေးမြို့နယ်ရှိ ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး လူအချို့ကိုဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့က ကံဘဲ့ကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ တွံတေးမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ချထားခဲ့တယ်လို့ ကံဘဲ့ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
တွံတေးမြို့နယ်ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ မြို့မရဲစခန်းနဲ့ ရာအိမ်မှူးနေအိမ်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #တွံတေး

Related posts

Leave a Comment

VOM News

FREE
VIEW