မုံရွာ-ဂန့်ဂါ-ကလေး ကားလမ်းမှာရှိတဲ့ ကန့်ဒေါင့်ရဲစခန်း ရဲတန်းလျား မီးလောင်

စက်တင်ဘာ ၂၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ ကန့်ဒေါင့်ကျေးရွာ၊ မုံရွာ-ဂန့်ဂေါ-ကလေး ကားမှာရှိတဲ့ ကန့်ဒေါင့် နယ်မြေရဲကင်းစခန်းဟာ မနေ့ စက်တင်ဘာ ၂၁ ညဦးပိုင်းအချိန်က မီးလောင်ခဲ့တာကြောင့် ရဲမိသားစုတွေနေထိုင်တဲ့ နေအိမ်တန်းလျားတချို့ မီးလောင်ခဲ့တယ်လို့ ကန့်ဒေါင့်ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
ကန့်ဒေါင့်ရွာခံ တစ်ယောက်က ” ည ၇ နာရီဝန်းကျင်က ရှို့ခံရတာပါ ၊ ရွာတွေက စုပေါင်းပံ့ပိုးမှုနဲ့ ဆောက်ပေးထားတဲ့ ၄ ခန်းတွဲ ရဲတန်းလျား မီးလောင်ပျက်စီးသွားတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ ရဲတန်းလျားလောင်းတဲ့မီးဟာ ရှို့မီးဖြစ်ပြီး ဘယ်သူတွေက လာရောက်ရှို့တယ်ဆိုတာ အခုချိန်အထိတော့ မသိရသေးသလို မီးလောင်လို့ ပျက်စီးသွားတဲ့ ရဲတန်းလျားရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဘိုးဟာလည်း ဒီကနေ့မနက်အထိ မတွက်ချက်ရသေးဘူးလို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ရုံးကလည်း ” ရှို့မီးကြောင့် လိုင်းခန်းမီးလောင်တယ်ဆိုတာ သတင်းကြားရတယ် ၊ သွားရောက်စစ်ဆေးနေပါတယ် ၊ အဲ့ဒီ စခန်းမှာက ကိုဗစ် တတိယလှိုင်း စတဲ့အချိန်မှာ စခန်းပြန်ရုတ်ထားလို့ လူမရှိဘူး ” လို့ VOM ရဲ့မေးမြန်းတာကို အဲ့ဒီလိုပြောပါတယ်။
 
စစ်ကိုင်းတိုင်း၊ ကောလင်း-ပင်လည်ဘူး ကားလမ်းက ရဲကင်းစခန်း ၊ ကသာမြို့နယ်ထဲက ရဲကင်းစခန်း တခုနဲ့ ရွှေဘို မြစ်ကြီးနား ဗျူးဟာလမ်းပေါ်က ဇင်း ရဲကင်းစခန်း ၊ မြောင်မြို့နယ် ကျောက်ရစ်စခန်း လက်အောက်ခံ လှုပ်ရှားရဲကင်းစခန်း တခု အပါအဝင် အခု ကန့်ဒေါင့်ရဲကင်းစခန်းနဲ့ဆိုရင် ရဲကင်းစခန်း ၅ ခုထက်မနည်း မီးရှို့ခံရပြီး ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW