မုံရွာ-ဂန့်ဂေါ-ကလေးကားလမ်းက သတင်းပေးလို့ အမည်ထွက်နေတဲ့ လင်မယား သေနတ်နဲ့ ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ၂ ခု ဆုံနေတဲ့နေရာ ပုံတောင်နတ်ထိပ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် ၆၆ မိုင် ၆ ဖာလုံ အနီးက ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ ယောက်ဟာ မနေ့ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီမထိုးခင် အချိန်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ကျောမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” သန့် ထမင်းဆိုင် ပိုင်ရှင်လင်မယား အသတ်ခံရတာပါ ၊ သူတို့ ၂ ယောက်စလုံးက အသက်ကြီးသူတွေဖြစ်တယ် ၊ သူတို့ ထမင်းရောင်းနေတုန်း သေနတ်သမားတွေက ဆိုင်ထဲဝင်ပြီး ပစ်ကြတာ ၊ ဆိုင်ရှင် ဦးခင်မောင်သန်းက ဆိုင်ထဲမှာတင် သေတယ် ၊ သူ့မိန်းမ ဒေါ်နွယ်နွယ်ဦးက ထွက်ပြေးပေမယ့် လွတ်မသွားဘူး ၊ လမ်းကနေကြိုစောင့်နေတဲ့အဖွဲ့က စီးပြီးပစ်တာကြောင့် အဲ့ဒီနေရာမှာတင် သေတာ ” လို့ နန်ထိပ်ရွာခံတစ်ယောက်က ပြောပါတယ်။
 
ထမင်းဆိုင်လင်မယား ၂ ယောက် သတ်ခံရတာနဲ့ ပတ်သက်လို့ အဲ့ဒီ နတ်ထိပ်ရေနံမှော်မှာ အလုပ်လုပ်ကိုင်နေသူ တစ်ယောက်က ” အသတ်ခံရတဲ့ လင်မယား ၂ ယောက်က စိတ်သဘောထား ကောင်းကြတယ် ၊ ဘယ်သူတွေပဲလာလာ ကျွေးမွေးဧည့်ခံတယ် ၊ မခွဲခြားတတ်ဘူး ၊ အရင်တလောက နတ်ထိပ်ဘက်ကိုလာတဲ့ စစ်သားနဲ့ ရဲတွေကို ဧည့်ခံတာတော့ရှိတယ် ၊ အဲ့ဒါကို ဘာသာပြန်လွဲပြီး သတင်းပေး ဒလန်လို့ ထင်ခံရပြီး သတ်ခံရတာ ဖြစ်နိုင်တယ် “လို့ ပြောပါတယ်။
 
အဲ့ဒီ ထမင်းဆိုင် ပိုင်ရှင်လင်မယား ၂ ယောက် အသတ်ခံရတာဟာ သတင်းပေးလို့ နာမည်ထွက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ဝေဖန်ပြောဆိုတာတွေ ရှိနေပေမယ့် ၊ အခုဖြစ်စဉ်မှာ ဘာအတွက်ကြောင့် အသတ်ခံရတယ်ဆိုတာကိုတော့ VOM အနေနဲ့ သီးခြားသတင်းအတည်ပြုနိုင်တာ မရှိသေးပါဘူး။
 
ဒါ့အပြင် သေဆုံးသူ၂ ဦးရဲ့ ရုပ်အလောင်းတွေကို စစ်သားနဲ့ ရဲတွေက ကျောတိုက်နယ်ဆေးရုံဘက်ကို သယ်ဆောင်သွားကြတယ်လို့လည်း သိရပါတယ် ။
 
မနေ့ စက်တင်ဘာ ၂၁ ရက်ထဲမှာ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူမြို့နယ် ၊ မလယ်ရွာနားမှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တဲ့အပြင် မင်းကင်းမြို့နယ် ၊ စပ်လျင်ချောင်းရွာက ရွာသား ၃ ဦး လည်ပင်းဖြတ်ပြီး သတ်ခံရတာလည်ဖြစ်ခဲ့ပါသေးတယ်။
 
ပုံစာ ၊ ထမင်းဆိုင်ရှိတဲ့ ပုံတောင် နတ်ထိပ် ရေနံမှော်ရွာကို မြင်ရပုံ
#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW