မုံရွာမှာ ဆရာဝန် ၁ ယောက် အပါအဝင် လူငယ် ၆ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနီးတဝိုက်မှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ၁ ဦးအပါအဝင် လူငယ် ၆ ယောက်ဟာ မနေ့ စက်တင်ဘာ ၂၄ရက် ညနေပိုင်းက မုံရွာမြို့မှာ အဖမ်းခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
 
မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၊ တိုင်းရင်းဆေးရုံလမ်း ၊ ပါရမီလမ်းသွယ်ထဲမှာ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချမ်းမြဝတီရပ်ကွက်မှာနေသူ တစ်ယောက်ပြောတာက
 
” ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ် ဆရာဝန် တစ်ယောက်နဲ့ အဲ့ဒီ အိမ်ထဲမှာရှိနေတဲ့ လူငယ် ၅ ယောက်ပါ အဖမ်းခံရတယ်လို့ သိရတယ် အသက်မပြည့်သေးတဲ့ ၁၆ နဲ့ ၁၇ အရွယ် လေးတွေပါတယ်လို့ သိရတယ် ” လို့ဆိုပါတယ်။
 
ဖမ်းခံရတဲ့ ပတ်ဝန်းကျင်မှာ နေသူတယောက် ပြောပြတာက
 
” ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် ခေါ် ကချင်ကြီး ၊ ကျော်ညီသစ် ခေါ် ဘိုဘို ၊ ခန့်သူထွန်း ၊ နိုင်နိုင်ကျော် နဲ့ ကလေး ၂ ယောက်ဖြစ်တဲ့ နေမင်းဟိန်း ခေါ် နေနေ အသက် ၁၆ နှစ်နဲ့ ပြည့်ဖြိုးထွန်း အသက် ၁၇ နှစ် ဖြစ်တယ် ၊ အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက်ကိုတော့ ဖမ်းနေတဲ့အချိန်မှာ ခနထိန်းသိမ်းထားပြီး၊ နောက်ပိုင်းမှာတော့ ခေါ်မသွားပဲ ထားခဲ့တယ်လို့ ကြားရတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဖမ်းခံရလိုက်တဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် နဲ့ပတ်သက်ပြီး မုံရွာ ဆရာဝန် အသိုင်းအဝိုင်းက ပြောတာက
 
” ဆရာတို့က လူနာတွေအပေါ်မှာ စေတနာ အရမ်းထားကြတယ် ၊ လင်ရောမယားပါ ဆရာဝန်တွေဖြစ်ကြတယ် ၊ တိုင်းရင်းသား တွေဆိုတော့ ပြောဆိုဆက်ဆံတာ စိတ်ထားရှင်းတယ် ၊ အခုအဖမ်းခံရတဲ့ ကိစ္စကြားရတာက တိုက်ပွဲရှောင် ပြည်သူတွေကို ဆေးကုပေးတာရယ် ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ပေးတာရယ်ကြောင့်လို့ ကြားရတယ် အသေချာတော့ မသိရသေဘူး ၊ ဟိုအရင်တုန်းက ဂျူတီချိန်တွေမှာ လုပ်ဖော်ကိုင်ဖက် ဟုတ်ပေမယ့် သူနဲ့ ဆက်သွယ်ပြတ်တောက်နေတာ ၆ လလောက်ရှိပြီ မနေ့က သူအဖမ်းခံရတယ်ကြားမှ သိရတာ ၊ သူက ဂျူတီအောက်ထားတာ ကြာပြီ ” လို့ ပြောပါတယ်။
 
သူတို့ အဖမ်းခံရတာဟာ ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူတွေကို ကုသပေးတယ်ဆိုတဲ့ သံသယကြောင့်လို့ သတင်းထွက်နေပေမယ့် အခုအချိန်ထိတော့ အချက်အလက် အတိအကျမသိရသေးပါဘူး။
 
ပြီးခဲ့တဲ့ အခုလ ၁၇ ရက်ကလည် မန္တလေးဆေးရုံကြီး အကြောအဆစ်ဌာနက အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးသိန်းဟာ မုံရွာ စစ်ဆေးရေး ဂိတ်တခုမှာ ဖမ်းဆီးခံရပြီး ရဲစခန်းမှာ ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့်ထားတဲ့ကိစ္စလည်း မုံရွာမှာဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မုံရွာ #ဆရာဝန်ဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW