တရားမင်၍ ပုဂ္ဂိုလ်ခင်

(လူထုဒေါ်အမာ ၁၀၆နှစ်ပြည့် မွေးနေ့ဂါရဝ)
————————————————
ဆူးငှက်

ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့်မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာ အေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်းပြောဆိုကြရင်း ပီတိတွေဝေမျှကြခြင်းဖြစ်သည်။

သည်တုန်းအခါက ကျွန်တော် မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက်မှ ရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး) ကတော့ တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့် လမ်းကြုံသော စာရေးဆရာ ရဲသျှမ်းကို စာလေးရေး၍ဖြစ်စေ၊ ဖိတ်စာလေး ကမ်း၍ဖြစ်စေ ဖိတ်ကြားပါသည်။
သို့သော် ကျွန်တော် မရောက်ဖြစ်ပါ။ ဘာရယ်လို့တော့ မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်ကာ … ဤနေရာ ဤဌာနတွင် ကိုယ်နှင့် မဝင်ဆန့်သေးဟု ထင်မြင်မိ၍ ဖြစ်ပါသည်။

တစ်နေ့မှာတော့ ကိုညို(စာရေးဆရာ ညီပုလး)က လူကြုံဖြင့် ကျွန်တော့်ကို အိမ်လာပါဦးဟု ဖိတ်သည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဤသို့ဖြင့် ရက်တစ်ရက်၏ ညနေခင်းမှာ လက်ဆည်ကန်က လူထုစာအုပ်တိုက်သို့ ကျွန်တော်တစ်ဦးတည်း ရောက်ရှိသွားတော့သည်။
××××× ×××××

ဧည့်ခန်း၏ အင်္ဂါထောင့်မှာရှိသော လောကနတ်ရုပ်ထုက ပြတင်းပေါက်မှ ဝင်လာသည့် အလင်းရောင်တွင် ရုပ်လုံးကြွနေသည်။ ကျွန်တော်က ကျောဘက်နံရံမှာ ချိတ်ထားသော ဆရာပေါ်ဦးသက်၏ နာမည်ကျော် “ရွှေတိဂုံ” ဆီဆေးကားကြီးကို နောက်ပြန်လှည့်ကြည့်မိသည်။ ယာဘက်နံရံက မှန်ကောင်တာပေါ်မှာ ဘကြီးမှိုင်းက ကွမ်းအစ်ကို ရှေ့ချ ထိုင်နေသည်။ ဒါကလည်း ဆရာပေါ်ဦးသက် လက်ရာဖြစ်၏။

တကယ်တော့ သည် ဧည့်ခန်းထဲမှာ ကျွန်တော် … သုံးကြိမ်မက ရောက်ဖူးပါသည်။ ထိုစဉ်က အစ်မ၏ နောက်က အဖော်အဖြစ် ကျို့ကျို့ရို့ရို့လိုက်ပါရခြင်းဖြစ်၏။ အခုအခေါက်က တစ်ဦးတည်းအနေနှင့် ဖိတ်ကြားမှုကြောင့် ရောက်လာရခြင်းဖြစ်သည်။ ကျွန်တော်က သည်ဧည့်ခန်းထဲ သည်လိုပဲ ရောက်ချင်သည်။ ကျွန်တော့်စာတစ်ပုဒ် (ဝါ) ကျွန်တော့်အလုပ်၊ ကျွန်တော့်တရားကြောင့်ပဲ အသိအမှတ်ပြု တာမို့ ရင်ခုန်မိသည်။

ခဏနေတော့ ကိုငြိမ်းချမ်(စာရေးဆရာ ညီပုလး)က ဧည့်ခန်းထဲရာက်လာသည်။ ကျွန်တော့်မှာ စာပေအပေါင်းအသင်းတွေ ရှိသလားမေး သည်။ကျွန်တော်က မရှိ။ စာဖတ်ဝါသနာပါသူ အစ်ကိုဝမ်းကွဲ တစ်ယောက်ပဲရှိကြောင်း ပြောဖြစ်သည်။ ဘာတွေရေးဖြစ်သလဲ၊ ဘာစာအုပ်တွေ ဖတ်ဖြစ်သလဲ စသည်ဖြင့်မေးမြန်း၏။ “ဒီမှာ ကျွန်တော်နဲ့အတူ
စာပေဝိုင်းဖွဲ့ဖြစ်တယ်။ ကျူရှင်ဆရာတွေပေါတယ်။ ဆရာဝန်တွေပါတယ်။ ခင်ဗျားအားရင် လာခဲ့ပါလား။ နေ့ပိုင်းမှာ တစ်ခါတစ်လေ ကိုငယ်(ကျောက်ဆည်)ရဲ့ဆိုင်မှာ ဆုံဖြစ်တယ်။ ညပိုင်းမှာလည်း ညဈေးတန်းထိပ်က ကိုငယ့်ဆိုင်မှာ ရှိတတ်ကြတယ်” ဟု ဖိတ်မန္တက ပြုသည်။

၁၉၈၄ ခုနှစ်ဦးကျားကြီးဝင်း မီးလောင်ပြီးစ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရုံတော်ကြီးရပ်က မီးလောင်ထားသော နဂါးကမ္ဘာလုံးတိုက်ရှေ့ ဆင်ဝင် သမံတလင်းမှာ ကိုငယ်(ကျောက်ဆည်) ၏ “ရွှေဣန္ဒြေ” စာအုပ်ဆိုင်ရှိသည်။ ထိုဆိုင်ဆီသို့ မြောက်ပြင်က ဆရာသိုက်ထွန်းသက်က ခန်းမ(၂)အောက်ရှိ ကုန်သွယ်လယ်ယာရုံးသို့လာရင်း ရောက်လာသည်။ ဆရာပြေ(ဆေး-၂)လာသည်။ ဆရာညီပုလေးလာသည်။
ဆရာဒေါက်တာအောင်ကျော်ဦးလာသည်။ ဆုံလေ့ရှိသူတွကတော့ ဆရာရဲသျှမ်း၊ ဆရာဝင်းစည်သူ၊ ဆရာကြည်ဇော်ဝင်း၊ ဆရာညိုထွန်းလူ၊ ဆရာကျော်ရင်မြင့်တို့ဖြစ်မည်။ ကျွန်တော်က နဂါးကမ္ဘာလုံးတိုက်ရှေ့က “ရွှေဣန္ဒြေ”မှာ တစ်ခါတစ်ရံရောက်တတ်သည်။

“ဆယ့်နှစ်မျက်နှာ နာရီစင်ဝတ္ထုတိုများ” အတွက် အားကောင်းမာင်းသန် စုစည်းစီစဉ်နေကြသည်ကို ကျွန်တော်က အားကျစွာမော့ကြည့်နေမိသည်။ ဘာပဲပြောပြော … ကျွန်တော်ကလည်း စပယ်ဖြူမှာ …၊ သဘင်မှာ…ဆောင်းပါးလေးတွေ အဆက်မပြတ်ရေး …။ ကျွန်တော်တွ့ကြုံသိကျွမ်းလိုသော မန္တလေးစာရေးဆရာများနှင့် စတင်သိကျွမ်း …။ ကျွန်တော်လေးစားကြည်ညိုသော “လူထုမောင်နှံ”နှင့်လည်း ထိစပ်နာခံနိုင်မည့် အခွင့်အလမ်းပေါ်ပြီမို့ ကျေနပ်နေမိပါ၏။

သို့သော် … လူထုဦးလှ(ဦးလေးလှ)ကိုတော့ ဆုံရန်ကြုံရန် အခွင့်မသာတော့ပြီ။ ၁၉၈၂ ခုနှစ် သြဂုတ်လ ၇ရက်နေ့ကတည်းက လူထု ဦးလှ ကွယ်လွန်ခဲ့ချေပြီ။
ထိုစဉ်က ကျွန်တော့်မှာ ကင်မရာလေးတစ်လုံးရှိသည်။ တောင်လေးလုံး ပရိဝုဏ်မှာ ကျင်းပသော လူထုဒေါ်အမာမွေးနေ့ပွဲများ၊ စာရေးဆရာမရည်(အင်းဝ)၏ အမျိုးသားစာပေဆုရ ဂုဏ်ပြုပွဲနှင့် မန္တလေးမှာ ကျင်းပသော စပယ်ဖြူမဂ္ဂဇင်းမိတ်ဆက်ပွဲ၊ မိုးဦးပန်း မဂ္ဂဇင်းမိတ်ဆက်ပွဲ၊ သရဖူမဂ္ဂဇင်းမိတ်ဆက်ပွဲတွေမှာ ကျွန်တော့် ကင်မရာလေးတွက အသုံးဝင်နေသည်။ ထိုစဉ်က နောက်ဆုံးပေါ်ဖြစ်နေသော Nikon FM, Pentex-MG (200 mm wide zoom) မို့ ပွဲလယ်တင့်သည်။ နောက် ဒေါ်ဒေါ်(လူထုဒေါ်အမာ)က သူရေးသားသော ဆောင်းပါးများအတွက် လိုအပ်သောဓာတ်ပုံတွေ ရိုက်ခိုင်းသောအခါ လူထုတိုက်သို့ ဝင်ထွက်လာရသည်။

မှတ်မှတ်ရရ အိမ်တော်ရာထီးအကြောင်း ဆောင်းပါးရေးသောအခါ အိမ်တော်ရာ ဆင်တံတားပေါ်က ဒေါ်ဒေါ့်မိတ်ဆွေတွေဆီ ကျွန်တော့်ကို လွှတ်သည်။ အချက်အလက်အချို့ မေးမြန်းရသည်။ မေးမြန်းမှတ်သားချက်တွေကို ဒေါ်ဒေါ့်ထံ ပြန်ပြောသည်။ ထိုအခါ လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ အရေးကြီး၊ အဓိကကျသော မေးခွန်းတွေအကြောင်း ဒေါ်ဒေါ်က သင်ပေးသည်။ “လုပ်ငန်းနဲ့ပတ်သက်ပြီး မေးရမြန်းရတော့ သူတို့က အားချင်မှလည်း အားမယ်၊ အလုပ်ရှုပ်နေချင်လည်း ရှုပ်မယ် …။ ဒီအခါ အခြေအနေကို ကြည့်ကွယ်။ ကိုယ်က ကြိုပြီး ချိန်းချက်သွားတာမျိုးမဟုတ်ရင် ပိုသတိထားရမယ်။ မေးတဲ့မြန်းတဲ့အခါ ပိုပြီးထိရောက်အာင် ကိုယ်မေးမယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားရမယ်ကွယ့် …” ဟုပြောပြသည်။

ထို့နောက် အောက်ထပ်စာကြည့် ခန်းထဲရှိ အိမ်တော်ရာထီးတစ်ချောင်းကို ယူလာသည်။ ကျွန်တော်ကလည်း အိမ်တော်ရာထီးကို ယခုမှ မြင်ဖူးသည်။ ထီးရိုးဝါး၊ ဝါးကိုင်းတံများနှင့် ပိတ်ထီးရွက်ဖြစ်သည်။ ထီးရွက်မှာ “သစ္စေး ဟင်္သပြဒါးများ သုတ်လိမ်ထားသည်။ လက်ကိုင်ကလည်း သစ်သားပွတ်လုံးထိုးဖြစ်၏။ ဘုန်းကြီးဆောင်းထီးများနှင့် တူသည်။ သို့သော် လူဆောင်းနှင့် ဘုန်းကြီးဆောင်းကို ကွဲပြားအောင် ပြုလုပ်ထားသည်။

“တို့မှာလည်း အိမ်တော်ရာထီးက ဒီတစ်ချောင်းပဲ ရှိတော့တာ ဆင်တံတားပေါ် မင်းသွားမေးတုန်းက သူတို့မှာလည်း ဘိုးဘွား အမွေအနေနဲ့ သိမ်းထားတဲ့ ထီးတစ်ချောင်းပဲ ရှိတာ။ လောလောဆယ် ရှာလို့ မရသေးဘူးတဲ့လား။ အေးကွယ် မန္တလေးမှာ တစ်ချိန် ထင်ရှားခဲ့တဲ့ အိမ်တော်ရာထီးဆိုတာ နောက်လူတွေမြင်ဖူးဖို့တောင် မလွယ်တော့ဘူးကွယ်” ဟု ဝမ်းနည်းစကား ဆိုသည်။

သြော်..ကမ္ဘာကျော်သတင်းစာဆရာ၊ စာရေးဆရာမကြီးပေမင့် အခုမှတွေ့ကာ လူငယ်ကလောင်ပေါက်စလေးတစ်ယောက်အပေါ် ဖေးဖေးမမ သိမ်သိမ်မွေ့မွေ့နှင့် တန်ဖိုးထားသင့်သည့်အရာများအပေါ် တန်ဖိုးထားတတ်၊ လေးစားသင့်သည့်အရာများအပေါ် လေးစားတတ်အောင် ညင်သာစွာ သင်ကြားပေးမှုများပဲဖြစ်သည်။

အိမ်တော်ရာ ထီးလေးကို ကျွန်တော့်လက်ထဲထည့်ပြီး …
“ဒီထီးလေးကို ဓာတ်ပုံရိုက်ပေးကွယ်၊ ဒီလိုထောင်ရက်လေးရော၊ ထီးဖွင့်ပြီးရော ၊ ပြီးတော့ မင်းဇနီးလေးကိုလည်း ထီးလေးဆင်းပြီး ရိုက်ခဲ့ …၊ ပုံတွေရရင် အမေ့ဆီလာပေး …၊ မင်းကျသင့်သလောက် အမေပေးမယ်” ဟု ဆိုသည်။ ဒေါ်ဒေါ်က ကျွန်တော့်ကို “အမေက” … “အမေက” … ဟုဆိုသော်လည်း ကျွန်တော်က ကျွန်တော့်အထက် မျိုးဆက်များကဲ့သို့ “ဒေါ်ဒေါ်” ဟု ခေါ်နေမိသည်။ “ဒေါ်ဒေါ်”ဟူသည် နှလုံးသားထဲက ဝိသေသတစ်ခုပမာ စွဲထင်နေချေပြီ။

နောက် ကျွန်တော် ရိုက်ကူးခဲ့သော ဓာတ်ပုံလေးများနှင့် ဒေါ်ဒေါ်၏ “အိမ်တော်ရာထီး” ဆောင်းပါး စပယ်ဖြူမဂ္ဂဇင်းမှာ ပါလာတာ့ အတိုင်းမသိ ဝမ်းမြောက်ရသည်။ ဤသို့ဖြင့် ဒေါ်ဒေါ် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ပေးရတော့သည်။ မိကျောင်းတံတား၊ ခြင်္သေ့ကြီးနှစ်ကောင်၊
ဈေးချိုတော်၊ ဘီလူးမညောင်ပင်၊ မန္တလေးတောင်၊ ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်ကျောက်စာများ… စသည်။

ကျွန်တော် တကယ်ဖြစ်ချင်တာက စာရေးဆရာဖြစ်သည်၊ ထို့ကြောင့် တစ်ဖက်က လိုအပ်သော ဓာတ်ပုံတွေ ရိုက်သည်။ စာတွေအဆက်မပြတ်အောင် ရေးဖြစ်သည်။ စပယ်ဖြူမှာ အများဆုံးပါသည်။ စပယ်ဖြူမှာပါတော ဒေါ်ဒေါ်လည်း လွယ်လင့်တကူ ဖတ်ဖြစ်နေသည်။ ဖတ်ပြီးတိုင်းလည်း ကျွန်တော့်ဆောင်းပါးလေးများအပေါ် အားပေးသည်။ အမှားပါလျှင် ထောက်ပြသည်။ လိုသည့်အချက်တွေ ဖြည့်စွက်သည်။ လိုအပ်ပါက ဒေါ်ဒေါ့် စာကြည့်စားပွဲပေါ်က စာအုပ်စာတမ်း၊ ဓာတ်ပုံများကိုပါ လေ့လာကြည့်ရှုစေသည်။

ကျွန်တော် ဒေါ်ဒေါ့်ကို မမြင်ဖူးခင်ကတည်းက … သူ့စာများကတစ်ဆင့် “တရား” ကို မင်ခဲ့တာပဲ …။ ဒေါ်ဒေါ် ယုံကြည်သော “တရား”ကို ကျွန်တော် မျှဝေယူလိုခြင်း ဆန္ဒဖြင့် ချဉ်းကပ်ခဲ့တာပဲ …။

#voiceofmyanmar #VOM #ဆောင်းပါး #ဆူးပါး #လူထုဒေါ်အမာ #၁၀၆နှစ်ပြည့် #မွေးနေ့ဂါရဝ

Related posts

Leave a Comment

VOM News

FREE
VIEW