ဆူးငှက်
မန္တလေးနဲ့ပတ်သက်ပြီး ချစ်ခင်ကြတာ ဂုဏ်ယူကြတဲ့နေရာမှာ မန္တလေးဈေးချိုတော်ရဲ့ ရပ်တည်မှုဆိုတဲ့ အပိုင်းကဏ္ဍကလည်း အဓိကကျတဲ့ အချက်ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ‘ဈေးချိုတော်’ဟာ မန္တလေးရဲ့ အသည်းနှလုံးဖြစ်ခဲ့တာပါ။ မန္တလေးရဲ့အမျိုးသားရေးဆိုင်ရာရေချိန်ဟာ ဈေးချိုရဲ့ပြဒါးတိုင်ပါပဲ။ ဒီပြဒါးတိုင်ဟာ ‘စီးပွားရေး’ ပြယုဂ် တစ်ခုတင်မှ မဟုတ်ဘဲ…။ အဓိက ပင်စည်က ‘နိုင်ငံရေး’ပဲဖြစ်ပါတယ်။
မန္တလေးရတနာပုံမ်နေပြည်တော် စတင်တည်ထောင်စဉ် မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ မင်းနေပြည်တော်ဖြစ်လေတော့ အဆောက်အဦးတိုင်းလိုလိုဟာ သစ်၊ ဝါးတွေကိုပဲ အသုံးပြုခဲ့ကြတယ်။ ဒီတော့ မူလမြို့တည် ပန္နက်မှာကတည်းက ပါခဲ့တဲ့ ‘ဈေးကြိုတော်’(ဈေးချိုတော်)ရဲ့ အဆောက်အဦးတွေကလည်း သစ်၊ ဝါး အသုံးပြုတဲ့ ဈေးရုံအဆောက်အဦတွေပါပဲ။
ပူပြင်းခြောက်သွေ့ မိုးနည်းရေရှားရပ်ဝန်းမို့ မီးဘေးအကြိမ်ကြိမ် သင့်မှုကို ဈေးချိုတော်ဟာ တစ်လျှောက်လုံးခံစားခဲ့ရပေမယ့် ပြာပုံထဲက အကြိမ်ကြိမ် ရုန်းထခဲ့တာကလည်း အားမာန်တစ်ခုပါ။
၁၂၃၆ခု၊ ကဆုန်လပြည့်ကျော် ၃ရက်နေ့မှာ မန်ကျည်းပင်ဈေးအရပ်ကျလာင်တဲ့မီးက ဈေးချိုကို ဝါးမျိုသွားခဲ့တယ်။ ဒါကြောင့် ၁၂၃၈ခုနှစ်၊ ပြာသိုလဆန်း ၁၄ရက်နေ့မှာ ဈေးချိုတော်အသစ် ပြန်လည်တည်ဆောက်ခဲ့တယ်။ ဒီဈေးသစ်ကြီး ကိုပဲ ၁၂၅၈ခုနှစ်မှာ မီးထပ်သင့်ပြန်ပါတယ်။၁၂၅၈ခုနှစ် တန်ခူးလဆန်း ၅ရက်နေ့မှာပါ။ ခရစ်နှစ်အလိုအရတော့ (၁၈၉၇)ခု ဧပြီ ၆ရက်ပေါ့လေ။
နောက် ၃နှစ်အကြာ ၁၉၀၀ပြည့်နှစ် ဧပြီ ၃ရက်မှာလည်း ဈေးချိုတော်ကို မီးထပ်လောင်ပြန်ပါတယ်။ နောက်ထပ် ၁၉၀၂ ခုနှစ် ဧပြီ ၁၂ရက်နေ့မှာလည်း မီးထပ်လောင်တယ်။ ဒီမီးကြီးလောင်ပြီး မှပဲ… ကျွန်တော်တို့နဲ့ အများကြီးရင်းနှီးခဲ့တဲ့ ရုံကြီး ၁၂ ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့တာပါ။
အဲဒီအချိန်က မန္တလေးမြူနီစီပယ်အတွင်းဝန် အီတလီလူမျိုးကောင့်ကာတာရီက အီတလီပြည် မီလန်မြို့ကဈေးနှင့်ပုံစံတူ တည်ဆောက်ခဲ့တာလို့ မှတ်သားခဲ့ရပါတယ်။ ဒါကြောင့်လည်း အခု ကျန်ကောင်းကျန်ရာကျန်ခဲ့တဲ့ ဈေးချိုတော် နာရီစင်ကြီးအောက်ခြေမှာ ‘မန္တလေးဈေးချိုကို ၁၂၆၂ခုနှစ်တွင် ပြန်လည်တည်ဆောက်၍ ၁၂၆၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်’ ဆိုတဲ့ ကမ္ပည်းကျောက်စာကို ယခုတိုင်မြင်တွေ့နေရတာပါပဲ။
ဒီလို သဘာဝမီးဘေးကို အကြိမ်ကြိမ်ကြုံတွေ့ရပေမယ့် မူလသန္ဓေမပျက်ဘဲ ‘ဈေးချိုတော်’ဆိုတာ နလံထူထောင်မတ်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် တိုင်းတစ်ပါးလက်အောက်ရောက်နေတဲ့ကာလမို့ ရန်သူမျိုးငါးပါးထဲက ‘မင်းဘေး’ ဆိုတာလည်း ဈေးချိုတော် ကြုံရပါတယ်။
‘မင်း’ဆိုတာ အာဏာပိုင်အစိုးရမျှသာမဟုတ်ဘဲ ဈေးကောင်စီလို၊ မြူနီစီပါယ်လို အဖွဲ့အစည်းတွေလည်း ပါဝင်တယ်။ ဒါကြောင့် ဈေးချိုတော်အုတ်တိုက် ဈေးရုံသစ်ကြီးတွေ တည်ဆောက်ပြီးနောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ပညာရေးဝန်ကြီးချုပ်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၇ အရ ထုတ်ပြန်တဲ့ ဈေးဆိုင်ရာအမိန့်နဲ့ကန့်သတ်ချက်တွေကို ဟိုက်ကုတ်လွှတ်တော်ရှေ့နေကြီး မစ္စတာပီလေးနဲ့ မြန်မာပညာရှိမင်း ဦးကျော်ရန်တို့ စတင်ဦးဆောင်ဖွဲ့စည်းခဲ့ကြတဲ့ ‘အခွန်ဝန်ထမ်းအသင်းကြီး’နဲ့ မန္တလေးဈေးချိုတော်တို့က ၁၉၂၀ပြည့်နှစ် ဝါခေါင်လဆန်း ၈ရက်(၁၉၂၈ခု၊ ဇူလိုင်လ ၂၅ရက်)နေ့ အိမ်တော်ရာ ၁၄ခန်းဇရပ်မှာ ကျင်းပတဲ့ မြို့လုံးကျွတ်အစည်းအဝေးကြီးနဲ့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
အလားတူ လွတ်လပ်ရေးကြိုးပမ်းမှု ဒီရေအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့်ကာလ(၁၉၃၉ ခုနှစ်)မှာလည်း နယ်ချဲ့ကို ဆန့်ကျင်သပိတ်ဆင်နွဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော်က အထူးအားပေးပူးပေါင်းဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ၂၃(၇)ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့ပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသားတွေက ဈေးချိုရုံကြီး ၁၂ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာတည်း သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ။
ဒုတိယကမ္ဘာစစ်အပြီး၊ မြို့နယ်အုပ်ချုပ်ရေးအရာရှိ ‘မေဂျာကနေဒီ’က ဈေးချိုတော်ကို ဥပဒေအမိန့်တွေထုတ်ပြီး ကိုင်တွယ်အုပ်ချုပ်ပါတယ်။ အခွန်အတုတ်၊ အမိန့် ဥပဒေတွေနဲ့ ထိန်းကွပ်မှုအပေါ်၊ ရိုးသားစွာ လုပ်ကိုင်စားသောက်ကြတဲ့ ဈေးချိုသူ၊ ဈေးချိုသားတွေအနေနဲ့ ငြိမ်ခံမနေခဲ့ကြဘဲ ဒီအခွန်အတုတ်၊ အမိန့်ဥပဒေတွေအပေါ် ပြန်လှန်သုံးသပ်တတ်၊ ဝေဖန်တတ်ဖို့နဲ့ ရုံးပြင်ကနားဆိုင်ရာကိစ္စတွေ နားလည်တတ်ကျွမ်းပြီး ပြန်လည်ချေပနိုင်ဖို့ အဲဒီခေတ်၊ မန္တလေးကထုတ်ဝေတဲ့စာစောင်တွေကလည်း ဝိုင်းဝန်းကူညီအားပေးကြတယ်။
မန္တလေး နဂါးနီစာစောင် အမှတ်(၃) မှာဆိုရင် ဈေးအဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူးဦးဘတင် ကိုယ်နှိုက်က ‘ဈေးသည်များတာဝန်’ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပြီး လှုံ့ဆော်ခဲ့တယ်။
၁၉၄၅ခုနှစ်မှာတော့ ဈေးချိုတော်အကျိုးဆောင်အသင်းကြီးကိုဖွဲ့စည်းပါတယ်။ တကယ့် မန္တလေးသား ဈေးချိုသူ၊ ဈေးချိုသားစစ်စစ် မျိုးချစ်ပုဂ္ဂိုလ်ကြီများနှင့် ဖွဲ့စည်းခဲ့တာပါ။ အသင်းရဲ့အမှုဆောင်လူကြီးတွေအဖြစ် တိုက်တန်းကြီး နဂါးနီဦးမောင်မောင်က ဥက္ကဋ္ဌနဲ့ တိုက်တန်းလေး ဦးရွှေက ငွေထိန်း၊ စီရုံ သခင်တင်က အတွင်းရေမှူး၊ ကိုယ်ပိုင်တန်း ဦးအောင်မြင့်၊ ငှက်ပျောတန်း ဦးဘသောင်းတို့က တွဲဖက်အတွင်းရေးမှူးတွေဖြစ်ကြတယ်။ ၅နံပါတ်ရုံ ဦးသိန်းညိုနဲ့ မြောက်ဖက်တိုက်တန်းကြီး ဦးထွန်းညွန့်တို့က စာရင်းစစ်နဲ့ ဒီရုံဦးဘရွှေက ဆော်သြရေးမှူး တာဝန်ယူကြတယ်။ အမှုဆောင် ကော်မတီလူကြီးတွေကိုလည်း ၃၄ဦးရွေးချယ်ခဲ့ကြသတဲ့။
ဈေးချိုရုံကြီး ၁၂ရုံအပြင် တိုက်တန်းကြီး တိုက်တန်းလေး၊ အခြားရုံများဈေးတန်းများက ကိုယ်စားလှယ်တွေသာမက နေသူရိန်နဲ့လူငယ်များ အစည်းအရုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်ကြတာကို ကြည့်ခြင်းအားဖြင့် ဈေးချိုတော်အကျိုးဆောင်အသင်းကြီးဟာ ဈေးချိုတော် သာမက ပြင်ပမျိုးချစ်ပုဂ္ဂိုလ် ကိုယ်စားလှယ်များအထိ ဈေးအမှုဆောင်များအဖြစ် ထည့်သွင်းထားခြင်းဟာ အမြင်ကျယ်မှုအဖြစ်
အတုယူစရာပါ။
မြန်မာမျိုးချစ်ပုဂ္ဂိုလ်များရဲ့ စီးပွားရေးအစုအဝေးမှာ မျိုးချစ်ပုဂ္ဂိုလ်များရဲ့ဦးဆောင်မှုနဲ့ ဈေးချိုတော်ရဲ့ သမိုင်းအစဉ်အလာ ထိန်းသိမ်းမှုဟာ ခေတ်စံနစ်အပြောင်းအလဲ၊ အချိုးအကွေ့တိုင်းမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက် မှန်ကန်ခဲ့တယ်။
လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်ကာလမှာလည်း မြို့သူ၊ မြို့သားတိုင်းသူပြည်သားလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ၊ဈေးချိုသားတို့က ထောက်ခံခဲ့ကြတယ်။ ပါလီမန်ခေတ် အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲတိုင်းမှာလည်း ဈေးချိုတော်ဟာ တံလျှပ်ရေထင်ပြီး လမ်းလွဲမလိုက်ခဲ့ဘူး။ ပြည်သူလူထုနဲ့ တစ်သားတည်းဆိုတဲ့ သမိုင်းအစဉ်အလာတွရှိခဲ့တယ်။
၁၉၆၂ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြီးမှာတော့ ဈေးချိုရဲ့ တစ်ပိုင်တစ်နိုင် အမျိုးသားစီးပွားရေးတွေဟာ ချိနဲ့ ယိမ်းယိုင်သွားခဲ့ရတယ်။
ဒါပေမယ့် ဈေးချိုက မဖောက်ပြန်ခဲ့ဘူး၊ ၁၉၉၀ကျော်ကာလမှာတော့ ဒီအခြေခံရုပ်ပစ္စည်းတွေရဲ့ အဓွန့်ရှည်တည်ရှိမှုတွေကို တစ်ဦးတစ်ယောက် အမိန့်အာဏာနဲ့ အတင်းအဓမ္မ ရုပ်ခြည်း ဖြိုဖျက်ခံလိုက်ပြီးနောက်၊ မူလအခင်းအကျင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ ပုံစံတူအဖြစ် ဈေး ၂ ဈေးသာရှိတဲ့ သမိုင်းဝင်ရှေးဟောင်း ဈေးချိုတော်အဆောက်အဦကြီးတွေ မြေလှန် ဖျက်သိမ်းခံလိုက်ရပါတော့တယ်။
မူလဈေးချိုသူဈးချိုသားများရဲ့ ပိုင်ဆိုင်မှုပျက်၊ စီးပွားပျက်၊ အစဉ်အလာပျက်၊ သန္ဓေပျက်ပြီး နိုင်ငံရေးပျက်လုနီးနီးရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ကြုံလိုက်ရတဲ့ အခြေအနေကိုလည်း မူလလက်ဟောင်း အစဉ်အဆက် ဘိုးဘွားအမွေခံ ဈေးချိုသူ၊ဈေးချိုသားတွေက ခါးစည်းခံပြီး ရသမျှအားနဲ့ ‘ဈေးချိုသွေး’ကို ဆက်လက်ထိန်းသိမ်းခဲ့ကြတာလည်း ဂုဏ်ယူစရာပါပဲ။
ဒီတော့… အစဉ်အလာကြီးမားတဲ့ ဈေးချိုတော်ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေဟာ လွတ်လပ်ပွင့်လင်းမှု၊ အမျိုးသားစီးပွားရေး ကာကွယ်မှု၊ အများဆန္ဒအပေါ် အသိအမှတ်ပြု အကောင်အထည်ဖော်မှု ဆိုတဲ့
ထောက်တိုင်တွေနဲ့ ပြန်လည်ထူမတ်ကြရပါမယ်။
ဘိုးဘွားမိဘ၊ ဈေးချိုသူ၊ ဈေးချိုသားတွေရဲ့ အမွေဆက်ခံကာ သမိုင်းဝင်ဈေးချိုအစဉ်အလာ၊ ဈေးချိုစိတ်ဓာတ်၊ ဈေးချိုသွေးတွေ မပျက်မယွင်း ဆက်လက်တည်ရှိ အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
#voiceofmyanmar #VOM #ဆူးငှက် #အမျိုးသားစီးပွားရေးပြယုဂ် #ဈေးချိုတော်