မန္တလေးက ပထမဆုံး လွတ်လပ်ရေးအောင်ပွဲ

ဆူးငှက်

၁၂၄၇ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့၊ မန္တလေးနေပြည်တော်မှ သီပေါဘုရင်ပါတော်မူပြီး ၆၂နှစ်ပြည့်မြောက်တဲ့ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ်ကြေညာနိုင်ခြင်းဖြစ်ပါတယ်။

လွတ်လပ်တဲ့ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ် ကမ္ဘာသိကြေညာနိုင်ခဲ့တာနဲ့အတူ နှစ်ပေါင်း ၁၀၀ကျော်၊ မြန်မာ့မြေပေါ်မှာ အပိုင်စီးလွှင့်ထူခဲ့တဲ့ ဗြိတိသျှအင်ပါယာယူနီယံဂျက် အလံကိုလျှောချပြီး အလယ်ခေါင်ရှိ ကြယ်ကြီးကို ကြယ်ငါးလုံးရံတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတော်သီချင်းနှင့်အတူ ဂုဏ်ယူဝံ့ကြွားစွာလွှင့်ထူ၊ အလေးပြုနိုင်ခဲ့တာပါပဲ။ ကြယ်ငါးလုံးဟာပြည်ထောင်စုရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ အလယ်ခေါင်ရှိ ကြယ်ကြီးက နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာပါ။ တိုင်းရင်းသားများနှင့် စုစည်းဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကြီးပေါ့။

အလယ်ခေါင်ကြယ်ကြီးကို ကြယ်ငါးလုံးရံထားတဲ့ အထိမ်းအမှတ်ဟာ ပြည်ထောင်စုရဲ့အမှတ်အသားအဖြစ် တိုင်းရင်းသားအားလုံးက အသိအမှတ်ပြုခဲ့ကြတာပါ။ ဒီတော့ လွတ်လပ်ရေးရဲ့အထိမ်းအမှတ်အဖြစ် ကျောက်တိုင်စိုက်ထူမယ်ဆိုတော့ ဒီအထိမ်းအမှတ်ပုံစံကိုပဲ နမူနာယူကြတယ်။ အလယ်ခေါင်က ကြယ်ကြီးကို ကြယ်ငါးလုံးရံထားတဲ့ ဒီဇိုင်းကိုအခြေခံပြီး ရန်ကုန်မှာ ပထမဆုံး လွတ်လပ်ရေးနေ့ ကတည်းက လွတ်လပ်ရေးကျောက်တိုင်ကို အုတ်မြစ်ချတည်ဆောက်ခဲ့တယ်။

ရန်ကုန် ဗန္ဓုလပန်းခြံက လွတ်လပ်ရေးကျောက်တိုင်နဲ့ ပုံစံတူလွတ်လပ်ရေးကျောက်တိုင်ကိုလည်း ဒုတိယမြို့တော် မန္တလေးမှာ ၁၉၅၃ခုနှစ်အာက်တိုဘာလ ၃၁ရက်နေ့မှာ စတင်တည်ဆောက်ဖို့ ပန္နက်ရိုက်ခဲ့တယ်။ မန္တလေး လွတ်လပ်ရေးကျောက်တိုင်ကြီးက မန္တလေးနန်းတွင်းအင်္ဂါထာင့်(အရှေ့တောင်ထောင့်)မှာရှိတဲ့ ပိုလိုကွင်းလို့ခေါ်တဲ့ ကွင်းကြီးမှာပါ။ ပန္နက်ရိုက်ခဲ့တဲ့
လွတ်လပ်ရေးကျောက်တိုင်ကြီးကို နောက် ၃ လအကြာ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ ၇ကြိမ်မြောက် လွတ်လပ်ရေးနေ့အမီ တည်ဆောက်ဖို့ ဝန်ကြီးချုပ် ဦးနုကန်ကြားလို့ ဝန်ကြီး ဦးဝင်း ကြီးမှူးပြီး ကုန်ကျမယ့်ငွကျပ် ၃၀၀၀၀ အနက် မန္တလေးနေပြည်တော် လူထုကိုယ်စား မန္တလေးမြူနီစီပယ်အဖွဲ့ ရန်ပုံငွေက ငွေကျပ် ၁၀၀၀၀ ထည့်ဝင်တည်ဆောက်ခြင်း ဖြစ်ပါတယ်။

၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်က မန္တလေးအနောက်တောင် ကျုံးထောင့်မှာ ကျင်းပတဲ့ ၇ကြိမ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည်နေ့မှပဲကျာက်တိုင်သစ်ဖွင့်ပွဲကိုပါ ကျင်းပခဲ့တာကလည်း အမှတ်တရပါ။ ကျောက်တိုင်သစ်ကြီးက အမြင့် ၁၃၂ပရှိပြီး၊ အမြင့် ၂၇ပေခွဲရှိတဲ့ ကြယ်ပုံသဏ္ထာန်ကျောက်တိုင်ငယ် ၅လုံးက ခြံရံထားတယ်။ ထည်ဝါမြင့်မားပြီး မြို့ရိုးပြအိုး ပြာသာဒ်တွေနောက်ခံနဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးဟာ အပြာရောင် မိုးကောင်းကင်မှာ ခံ့ညားကျက်သရေရှိလှပါတယ်။ ကျောက်တိုင်သစ်ကြီး မတည်ဆောက်ခင်မှာတော့ ယာယီစက္ကူကျောက်တိုင်နဲ့ပဲ လွတ်လပ်ရေးအောင်ပွဲအခမ်းအနားကျင်းပခဲ့ရတယ်။

မန္တလေးမှာလည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် ပထမဆုံး လွတ်လပ်ရေးနေ့ ခမ်းခမ်းနားနား ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြတယ်။ မန္တလေးမြို့က စာရေးဆရာများ အနုပညာရှင်များကလည်း လွတ်လပ်ရေးအောင်ပွဲအခမ်းအနားအတွက် ဓားတန်းရပ်က မြို့မအသင်းတိုက်မှာ စုဝေးပြီး ကြိုတင်ပြင်ဆင်ကြတယ်။ ဒီ့နောက် မန္တလေးမြို့က ဂီတစာဆိုကြီး (၈)ဦးတို့က တစ်ယောက်တစ်ပိုဒ်စီ ပူးပေါင်းပြီး “လွတ်လပ်တဲ့ ဗမာပြည်”ဆိုတဲ့သီချင်းကို စုပေါင်းရေးစပ်ခဲ့ကြတယ်။ ဒီပညာရှင်(၈)ဦးက ဆရာထာ၊ ဆရာခင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတာဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့ဖြစ်ကြတယ်။ ဒီသီချင်းရဲ့ တေးသွားသံစဉ်နှင့် ဂီတသင်္ကေတနုတ်(စ်)တွေကို မြို့မငြိမ်းကရေးပေးပြီး မြို့မတူရိယာအဖွဲ့က တီးမှုတ်ခဲ့တယ်။

လွတ်လပ်ရေးအကြိုည(၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ည)မှာပဲ မန္တလေးလက်ဆည်ကန်ရပ် ဝင်းလိုက်ရုပ်ရှင်ရုံရှေ့မှာ မြို့မအဖွဲ့က မြို့လူထုကို “အောင်သံမြေမိုး” အစချီ “လွတ်လပ်တဲ့မြန်မာပြည်” သီချင်းကို စတင် သီဆိုတီးမှုတ်ဖျော်ဖြေတယ်။ ကမ္ဘာသင်္ကေတ နည်းပညာ(music note)ကို သင်တန်းပို့ချ တတ်မြောက်ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်းရဲ့ရှေ့မှာသင်္ကေတစာရွက်တွေ ချထားပြီး လွယ်လင့်တကူ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သွားနိုင်ခဲ့တယ်။ အဲဒီနေ့ညက သီချင်းသီဆိုသူက မြို့မအဆိုတော် ကိုသိန်းတန်ဖြစ်သတဲ့။ တီးမှုတ်ကြတဲ့ မြို့မအဖွဲ့သားတွေက တယောဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက်တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန်တို့ဖြစ်တယ်။ ကလယ်ရီနက်မှာ ညာသံဆိုလို(solo)ကိုတောင်မြို့ ဦးကိုလေးက မှုတ်ပြီး ကိုတင်အေးတို့က ဘယ်သံစက္ကင်း(second) မှုတ်ကြရတယ် ဆိုတယ်။ ထို့ကြောင့် “အောင်သံမြေမိုး၊ သီချင်းမှာ ဆရာမြို့မငြိမ်းဦးဆောင်ပြီး သံစုံဝိုင်းဖွဲ့ ဆင်ဖိုနီပုံစံ အဆင့်မီ တီးမှုတ်ခဲ့ကြခြင်းဖြစ်တယ်။

ဇန်နဝါရီလ (၄)ရက်နေ့ ပထမဆုံး လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားကို မန္တလေးမြို့နန်းတွင်းက(ယခုကျောက်တိုင်ကွင်းနေရာ) ကွင်းပြင်ကြီးမှာ ကျင်းပခဲ့တယ်။ အောင်ပွဲအခမ်းအနားကြီးမှာ မြို့မတူရိယာအသင်းက “အောင်သံမြေမိုး” သီချင်းနဲ့ ခမ်းခမ်းနားနား တီးမှုတ်ဖွင့်လှစ်ခဲ့တယ်။ ဒီနေ့တွင်တော့ တီးမှုတ်သူအသင်းသားများ ဝိုင်းအပြည့်အစုံအလင် ပါဝင်လာသည်။ မနေ့ညက အသင်းသားများအပြင် စန္ဒရားကိုတူ၊ တယောကိုအောင်ကြီး၊ ကိုဘသိန်းလေး(သခင်)၊ ကိုစံဒွန်း၊ ထရမ်ဘုံးကိုတင်ကြီး၊ ဖလု ကိုဖူးဝှမ်း၊ စပင်းနစ်ဂီတာမောင်မောင်ကြီးတို့လည်း အားဖြည့်ပါဝင်လာကြလို့ ပိုပြီးမြိုင်ဆိုင်လာတာပေါ့။

မန္တလေးက ပထမဆုံး လွတ်လပ်ရေးအာင်ပွဲအခမ်းအနားကြီးဟာ “အောင်သံမြေမိုး”သီချင်းကြောင့်
ပိုမိုခမ်းခမ်းနားနား ဖွင့်လှစ်ခဲ့တာ အမှတ်တရပါပဲ။
လွတ်လပ်တဲ့ ဗမာပြည် (အောင်သံမြေမိုး)
—————————————–
ဆရာထာ – အောင်သံမြေမိုး ၊ ဝေဖြိုးခြိမ့်ခြိမ့်ညံ ၊ ကိုယ်ပိုင်ရတာ၊

နန်းတော်တောင်ဆရာခင် – တိုင်းမြန်မာကမ္ဘာလုံး ၊ ဥဒါန်းကြွေးလူရေးသာ ၊ တိုင်းပြည်တော်သစ်
တည်ဆောက်ဖြစ်မြောက်လာ ၊ ပျော်ရွှင်ချမ်းသာ ၊ စိုးပိုင်လာ ၊ အောင်သောနေ့ကြီးပါ ၊ ခိုင်မြဲစွာ၊

မြို့မငြိမ်း – လွတ်လပ်သောတိုင်းကြီးသား ၊ ဒို့ဂုဏ်မောက်လို့ကြွား ၊မင့်မြတ်သောစိတ်ဓာတ်ထား ၊
ရဲရင့်ကြစေသား ၊ တိုင်းရင်းသားတို့ ညီညွတ်သိမှတ်ကာ ၊ ပြည်ထောင်စုထဲမှာလူဖြစ်ရသောငါ ၊ မာန်ဝင့်ကာ၊

နန်းတော်ရှေ့ဆရာတင် – ကမ္ဘာကြီးပေါ်မှာ ၊ လူမျိုးတိုင်းကကောင်းချီးသြဘာ ၊ လွတ်လပ်တဲ့ မျိုးမြတ်
မဟာသမတပါ ၊ ဒို့ပြည်ထောင်စုမှာ ၊ အောင်ဆုဖြာ ၊ သော်တာပေါ်လာ ၊ မူးလို့သာလွတ်လပ်တဲ့ဗမာ၊

ဂီတာဘသိန်း – ရဲသွေးနဲ့ ရင့်အပြာ ၊ ကြယ်စုပေါင်းကာ ၊ မားမားဝင့်ဝင့် အလံတော်ကြီးပါ ၊ ကျက်သရေဖြာလွှင့်ထူကာ ၊ အလေးပြုကာ ၊ ထွန်းကားတိုးတက် အခြေတည်လို့လာ ၊ ဒို့ပြည်ထောင်စုမှာအောင်ဆုဖြာ ၊

ဆရာညှာ – ဗမာတိုင်းရင်းသားတို့ ညီအစ်ကိုများမှာ ၊ ဖိနှိပ်ချုပ်ခြယ်ခြင်းလွတ်ကင်းခဲ့ကြတာ ၊ ဒို့လိုတာ
ပြည့်စုံလာတာ ၊ စိတ်ချမ်းသာအခါ ၊ စိုင်းပြင်းကြလို့ ဒီအချိန်ရောက်လာ ၊လေးစားခဲ့ကြတာ ၊ ညီညွတ်လို့ ဝမ်းသာ ၊ ဒို့တာဝန် ဒို့ကျေပြွန်အောင် ဆောင်ရွက်လာ..၊

ဆရာရိုက် – အားတိုက်အင်တိုက် အစဉ်တစိုက် ပခုံးချင်းယှဉ်ကာသာ ၊ ခင်မင်ပေါင်းသင်း ၊ တိုင်းရင်းသားတို့ စီးပွားရေးကြီးပွားရေးထူထောင် ၊ အောင်ကြောင်းသာ၊

ဆရာလှိုင် – တိုင်းသစ်ပြည်သစ် ဒီခေတ်နည်းလမ်း ၊ ရှာဖွေကာပညာတိုးတက် ၊ စက်မှုလက်မှု (ကြိုးစားကြ)၂ ၊
ကမ္ဘာမှာထင်ရှားစရာ ၊ပြည်ထောင်စုလူထု ချစ်ကြည်စွာ ၊ စိတ်ဝမ်းမကွဲဘဲ ၊ တည်မြဲကြပေတာ ၊ အဲဒါကြောင့်
ဒို့ဗမာပြည်ကြီးမှာလွတ်လပ်ခြင်းဟာ အဓွန့်ရှည်ကြာ ၊ ဝပြောသာ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW