မန္တလေးတက္ကသိုလ် နှင့် အမ်အေ ဒေါ်အုန်း

———————————————–
ဆူးငှက်

ဆရာမကြီး အမ်အေဒေါ်အုန်းကို မန္တလေး ကဉ္စနမဟီရပ်ကွက်မှာ အဖ ဦးကျော်ရာ၊ အမိ ဒေါ်ခင်တို့က ၁၉၁၃ ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့ပါတယ်။

၁၉၃၀ ခုနှစ်မှာပဲ မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းက တက္ကသိုလ်ဝင်တန်းကို ပါဠိနဲ့ သင်္ချာဘာသာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ပါဠိမဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၃၆ က ၄၂ အထိ ရန်ကုန်တက္ကသိုလ် ပါဠိဌာန နည်းပြဆရာမ၊ ၁၉၄၇ က ၁၉၆၆ အထိ မန္တလေးတက္ကသိုလ်မှာ လက်ထောက်ကထိက၊ ကထိက နဲ့ ပါမောက္ခအဖြစ် အမှုထမ်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အာရှလူငယ်များအစည်းအရုံးဌာနချုပ် အမျိုးသမီးဥက္ကဋ္ဌ၊ ၁၉၄၅ မှာ ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ရဲ့ ပထမဆုံး အမျိုးသမီးအမှုဆောင်အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဆရာမကြီး အမ်အေဒေါ်အုန်းအကြောင်းပြောရင်လည်း မန္တလေးတက္ကသိုလ်က မပါမဖြစ် ပါရဦးမှာပါ။ ဘာလို့လဲဆိုတော့ အမ်အေဒေါ်အုန်းကလည်း ခက်ခက်ခဲခဲနဲ့ ဖွင့်လှစ်ခဲ့ရတဲ့ မန္တလေးဥပစာကောလိပ်ရဲ့ကျောင်းသူတစ်ဦးလည်းဖြစ်ခဲ့ရုံမက မန္တလေးဥပစာကောလိပ်ရဲ့
ပထမဆုံး အမျိုးသမီးအဆောင်မှူးလည်းဖြစ်ခဲ့ပါတယ်။

၁၉၂၅ ခုနှစ်မှာ မန္တလေးစိုက်ပျိုးရေးသိပ္ပံဝင်းအတွင်းက အုတ်တိုက်နီလေးမှာပဲ မန္တလေးဥပစာကောလိပ်ကို
ဖွင့်ခွင့်ရပြီးတဲ့နောက် ပုဂ္ဂိုလ်စွဲဒေသစွဲတွေနဲ့ မန္တလေးဥပစာကောလိပ် ပိတ်ပစ်ရေးကို အမျိုးမျိုးကြိုးပမ်းခဲ့ကြပါတယ်။ ဒါကို မန္တလေးမြို့မိမြို့ဖများနဲ့ မန္တလေးမြို့ခံ ကျောင်းသားတွေကလည်း ဆန့်ကျင်ကြတယ်။ ဒီအချိန် ဒုတိယ ကမ္ဘာစစ်ကြီးကလည်းဖြစ်လာတော့
မန္တလေးဥပစာကောလိပ် ပိတ်ပစ်ရေးကိစ္စ မဖြစ်မြောက်ခဲ့ပါဘူး။

စစ်ကြီးအပြီး မန္တလေးဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆရာကြီးဦးကိုလေး(ဇေယျာမောင်)ကို အဲဒီအချိန် ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတစ်ဦးဖြစ်သူ ဆရာကြီးဦးရာဇတ်က တာဝန်ပေးပြန်တော့ ဆရာ ဦးကိုလေး အနေနဲ့ စစ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ခန်းတွေ၊ ပရိဘောဂတွေပင်ဆင်ဖြည့်တင်းဖို့အလှူခံရ။ ကြိုးပမ်းရ။ စစ်တပ် တပ်စွဲထားတဲ့ စာသင်ခန်းတွေကို စစ်တပ်ဆီကပြန်ရဖို့ကြိုးပမ်းရ။ စာသင်ပေးမယ့်ဆရာတွေရှာရ။ ကျောင်းတက်မယ့် ကျောင်းသူကျောင်းသားအသစ်တွေစုရနဲ့ တစ်ယောက်တည်း ဒိုင်ခံဆောင်ရွက်ရတယ်။

အသစ်ပြန်ဖွင့်မယ့် မန္တလေးဥပစာကောလိပ်မှာ ပါဠိကထိကအနေနဲ့ ဆရာမ အမ်အေဒေါ်အုန်းက တာဝန်ယူရတယ်။ ဒီတော့ နယ်အဝေးက ကျောင်းလာတက်ကြမယ့် ကျောင်းသူတွေအတွက် ပထမဆုံး အမျိုးသမီးဘော်ဒါဆောင်ကို ဖွင့်ဖို့ပြင်ဆင်ရတယ်။ ဒီလို မန္တလေးဥပစာကောလိပ်ရဲ့ ပထမဆုံးအမျိုးသမီးဘော်ဒါဆောင်စတင်ဖွင့်လှစ်ဖို့ ဆရာမ အမ်အေဒေါ်အုန်းကို ဝန်ကြီးဦးရာဇတ်ကိုယ်တိုင် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က ရန်ကုန်ခေါ်ပြီး တာဝန်ပေးခဲ့တာပါတဲ့။

ဒါကြောင့် ဆရာမ အမ်အေ မအုန်းကလည်း သူ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ ရန်ကုန် တက္ကသိုလ် အင်းလျားဆောင် အဆောင်မှူးအဖြစ်ကနှုတ်ထွက်ပြီး မန္တလေးကို အမြန်ပြန်ရတာပေါ့။ မန္တလေးရောက်တော့ ဆရာမ မအုန်းလည်း ဆရာဦးကိုလေးနဲ့အတူ ၁၉၄၇ ဇွန်လ ၁၆ ရက်နေ့မှာ ကောလိပ်ဖွင့်လှစ်နိုင်ရေး အလှူခံရ၊ အကူအညီတောင်းရ၊ စုရဆောင်းရ၊ ရှာရဖွေရပါသတဲ့။ ကောလိပ်ဖွင့်ရက်အမီ အမျိုးသမီဘောဒါပါ လက်ခံမယ်ကြေညာလိုက်တော့ ပျဉ်းမနား၊ မိတ္ထီလာ၊ မြင်းခြံ၊ မေမြို့၊ မုံရွာ၊ ကျောက်ဆည် စတဲ့ မြို့တွေကလျှောက်လွှာတွေရောက်လာတယ်။

အမျိုးသမီးတွေ ဘော်ဒါဆောင်အဖြစ် စိုက်ပျိုးရေးကောလိပ်ကျောင်းအုပ်ကြီး ဦးလှအုန်းနဲ့ မန္တလေးဥပစာကောလိပ် ကောလိပ်ကျောင်းအုပ်ကြီး ဆရာဦးကိုလေးတို့ အိမ် ၂ လုံး အလယ်က ၂ ထပ်တိုက်တစ်လုံးကို ရွေးထားသတဲ့။ ကျောင်းဖွင့်တဲ့နေ့မှာ အမျိုးသမီးဘော်ဒါသူတွေကတော့ ပျဉ်းမနား လှလှ(နောင် လူမှုဝန်ထမ်း တွဲဖက်ညွှန်မှူး ဒေါ်လှလှ)၊ မုံရွာ မကြည်ဝင်း(နောင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကထိက)၊ မေမြို့ စီစီဝင်း(နောင် မြန်မာစာပါမောက္ခ ဒေါ်စီစီဝင်း)၊ မန္တလေး ခင်ခင်လှိုင်(နောင် မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး)၊ မေမြို့ တင်တင်စု(နောင် လက်ထောက်ညွှန်မှူး လူမှုဝန်ထမ်း)၊ ကျောက်ဆည် သန်းသန်း(နောင်
ဒေါ်သန်းသန်း၊ ဘီအေ အက်ဒ်ဖိုကိတ်)၊ စစ်ကိုင်း မကြည်သန်း (နောင်ကြေးနန်းဌာန)၊ မိတ္ထီလာ မယဉ်မြ(နောင် မောလမြိုင်ကောလိပ် မြန်မာစာကထိက)တို့ ဖြစ်ကြသတဲ့။

ဒီအချိန် မန္တလေးမှာ ပြည်တွင်းသောင်းကျန်းမှုတွေအနေနဲ့ ကရင်၊ ကွန်မြူနစ်၊ ရဲဘော်ဖြူတွေရဲ့ အရေးက မအေးတော့ သေနတ်သံဗုံသံတွေကြား လူသူအလှမ်းဝေးတဲ့ မန္တလေးကောလိပ်ဝင်းထဲက အမျိုးသမီးဘော်ဒါဆောင်ရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာပါ။

အခက်အခဲတွေများစွာကြားက မန္တလေးဥပစာကောလိပ်ကို မန္တလေး ယူနီဗာစီတီကာလိပ်အဖြစ် ဆရာကြီးဦးကိုလေး(ဇေယျာမောင်)နဲ့ လက်တွဲပြီး ဆရာမကြီး အမ်အေဒေါ်အုန်း ကြိုးပမ်းခဲ့ရတာဟာ မန္တလေးတက္ကသိုလ်အတွက် တကယ့် ဆပ်မကုန်တဲ့ကျးဇူးတွေပါ။

ထပ်မံထူးခြားတာက ဒီဆရာကြီးနဲ့ ဆရာမကြီး နှစ်ဦးစလုံးကလည်း အခုလို သူတို့မန္တလေးတက္ကသိုလ်ကို
ဆက်စပ်ပတ်သက်ရတာက ဆရာကြီး ဦးရာဇတ်ရဲ့ကျေးဇူးကြောင့်ပါတဲ့။ မန္တလေးတက္ကသိုလ်ဆိုတာ ဆရာကြီးဦးရာဇတ်ကြောင့် ပေါ်ထွက်ခဲ့ရတာပါလို့ ဆရာကြီး ဦးရာဇတ်ကို အထူးထောက်ပြဂုဏ်ပြုခဲ့ကြတာပါ။

ဒီနှစ် ၂၀၂၂ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ရဲ့ ကျေးဇူးရှင်များဖြစ်ကြတဲ့ ဆရာ ဦးကိုလေး(ဇေယျာမောင်)နဲ့အတူ ဆရာမကြီး အမ်အေ ဒေါ်အုန်းလည်း ၁၀၉ နှစ် ပြည့်ပါပြီ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW