စစ်ကိုင်းတိုင်းမှာ မီးလောင်မှု ၅၁ ကြိမ်ဖြစ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူ ၅ ထောင်နီးပါးရှိ

ဧပြီ ၊ ၂၉-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလကစလို့ ဧပြီလအထိ ၄ လတာ ကာလအတွင်း ပဋိပက္ခ ဖြစ်စဥ်တွေကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် မီးလောင်ကာ အိုးမဲ့အိမ်မဲ့ မီးဘေးသင့်ပြည်သူ ထောင်နဲ့ချီပြီးရှိတယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပဋိပက္ခဖြစ်စဥ်ကြောင့် ရွာမီးလောင်ရတဲ့ အကြိမ် အရေအတွက် ၅၁ ကြိမ်ရှိတယ် ၊ မီးဘေးသင့်ဒုက္ခသည် အိမ်ထောင်စု ၇၅၅ စု နဲ့ မီးဘေးသင့် အိုးအိမ်မဲ့ ပြည်သူ ၄၆၁၇ ဦးရှိတယ် ” လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိန်းဂဏန်း အရေအတွက်တွေဟာ စစ်ကိုင်းတိုင်းထဲက ခရိုင် ၁၁ ခုအနက် ကသာ ၊ ကောလင်း ၊ ရွှေဘို ၊ ကလေး ၊ ယင်းမာပင် ၊မုံရွာ စတဲ့ ၆ ခရိုင်ထဲက ပဋိပက္ခဖြစ်စဥ်တွေကြောင့် မီးဘေးသင့်ခဲ့ရတဲ့ ကိန်းဂဏန်း အရေအတွက်​တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာငယ်တချို့မှာ အိမ်ခြေ ၁၀ လုံး / ၁၅ လုံး မီးလောင်ရတာတွေ အဲ့ဒီ စာရင်းထဲမှာ မပါဝင်ဘူးလို့လည်း သိရပါတယ်။

” ပဋိပက္ခတွေကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ၊ ကလေးခရိုင်ထဲက အဖြစ်များတယ် ၊ ကလေးမြို့နယ် တောင်ပိုင်း နတ်ချောင်း ၊ နတ်မြှောင်း ၊ ချောင်းခွ ၊ သံဖို ၊ တင်သား ၊ လယ်ကြီး အဲ့ဒီရွာတွေဖြစ်တယ် ၊ မင်းကင်းမြို့နယ်ထဲက အုန္နဲဘုတ် ၊ ဘင် ၊ သင်းတော ၊ ကျော်ရွာ ၊ မြို့မ ၊ သံပေါက် ၊ ဇင်းကလင်း ၊ လောင်းပြည့် စတဲ့ရွာတွေဆိုရင် ရွာရုပ်မပီတော့ဘူး” လို့ မုံရွာနိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီလို ပဋိပက္ခတွေကြားက ရွာမီးလောင်လို့ အိုးအိမ်မဲ့ ဒုက္ခရောက်ကျရတဲ့ မီးဘေးသင့်ပြည်သူတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လူမှုရေးရာ ဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူတဦးက” အဲ့ဒီ မီးဘေးကိစ္စကို ကူညီပေးဖို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၃၄၈ ၉၄၈ သန်း ဆောင်ရွက်ပြီး ဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာ၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတချို့နဲ့ မင်းကင်းမြို့နယ်ထဲက သံပေါက် ၊ ဇင်းကလင်း ၊ လောင်းပြည့် စတဲ့ရွာတွေ မီးလောင်ခဲ့ပါသေးတယ်။

ပုံစာ-စစ်ကိုင်းတိုင်းက မီးလောင်မှုဖြစ်စဥ်ပုံ
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW