အပျော်ကြီး ပျော်ခဲ့ပုံ

ဆူးငှက်

ကျွန်တော်မွေးဖွားကြီးပြင်းရာ အရပ်မှာ မန္တလေးအနောက်ပြင်တွင် ရှိခြင်းကြောင့် မြို့အနောက်ခြမ်းတွင် ရှိသော မြစ်ဆိပ်နှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။

ကျွန်တော်တို့ငယ်ငယ်က ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေဖြစ်သော မိဘများသည် ဥပုသ်နေ့တွင် ဈေးရောင်းနားကြပြီး မြစ်ဆိပ်သို့ တစ်ပတ်စာ အဝတ်တွေ သွားရောက်ဖွပ်လျှော်လေ့ရှိသည်။ အထူးသဖြင့် စောင်တွေ၊ခြင်ထောင်တွေ လျှော်ရမည်ဆိုလျှင် မြစ်ဆိပ်သို့ပဲ သွားလျှော်ကြသည်။ တကယ်တော့ နေအိမ်နှင့် မြစ်ဆိပ်က ထင်သလောက်တော့မနီးလှ။ မန္တလေးအခေါ် ပြနှစ်ဆယ်လောက်တော့ ဝေးမှာပေါ့။ ဒါပေမယ့် ထိုစဉ်ကာလက အခုလောက် ဝမ်းတစ်ထွာအတွက် ရှာဖွေရသည်မှာ မခက်လေတော့ အချိန်ပိုတွေအများကြီးရှိနေပြီး မြစ်ဆိပ်သွားခြင်းကိစ္စမှာလည်း အဝတ်ဖွပ်သည်ထက် အပျော်သဘော၊အချင်းချင်း ချစ်ခင်ညီညွှတ်သည်ကို
ပိုမိုခိုင်မာစေသည့် သဘောများဖြင့် သွားရောက်သည်ဟု ယခုအချိန်တွင် သုံးသပ်မိပါသည်။

အမေက အဝတ်ဟောင်းတွေမှန်သမျှ စောင်တစ်ထည်တွင် စုပြုံထည့်ပြီး စောင်​၏ ထောင့်နားလေးဘက်ကို စုချည်ထားသော အဝတ်ထုပ်ကြီးကို ခေါင်းပေါ်ရွက်သည်။ ခါးပေါ်မှာလည်း အဲဒီလောက်မကြီးသော
အဝတ်ထုပ်တစ်ထုပ် ပွေ့ပိုက်ထားသေးသည်။ပိုက်ထားသော အဝတ်ထုတ်မှာ အဝတ်လျှော် လက်ရိုက်တုတ်ကိုလည်း ထိုးထားသည်။ကျွန်တော်က အဝတ်လျှော်သည့် ဒန်ဇလုံတွေ၊ ဆပ်ပြာခဲတွေ၊ ဆပ်ပြာကြမ်းထုပ်တွေကို
သယ်ရသည်။ ထိုစဉ်က အခုလို အသင့်ထုပ်ပြီး ဆပ်ပြာ မှုန့်ဆိုတာမရှိ။ တောကျေးလက်များမှ ထွက်သော ဆပ်ပြာကြမ်းဆိုသည်များကို တောင်းကြီးတွေနှင့် ထည့်ပြီး အရပ်ထဲမှာ လာရောက် ရောင်းလေ့ရှိသည်။

မြေလတ်ပိုင်းနှင့် အပူပိုင်းဒေသဝန်းကျင် ကျေးလက်များတွင် ဆပ်ပြာမြေဆိုတာရှိသည်။ မြေကြီးက အငန်ဓာတ်ကြောင့် ဆပ်ပြာတွေပွင့်နေတတ်သည်။
ထိုမြေများကို သယ်ယူလာပြီး ဆပ်ပြာကြမ်းအဖြစ် အိုးတိုက်ရာမှာ အခြားလျှော်ဖွပ်ရာမှာ သုံးကြသည်။
အိုးတိုက်သည့်နေရာမှာတော့ ဆပ်ပြာကြမ်းကို သည်အတိုင်းပဲ ယူ၍ ပွတ်တိုက်နိုင်သည်။ အဝတ်လျှော်လိုလျှင်တော့ ဆပ်ပြာကြမ်းကို ရေစိမ်ထားပြီး အပေါ်ရေကြည်ဖြင့် အဝတ်လျှော်နိုင်သည်။ အချို့အိမ်များကတော့
စဉ့်အိုးတစ်လုံးမှာပင် ဆပ်ပြာကြမ်းကို ရေစိမ်ထားပြီး အလျင်ဖြင့် ဆပ်ပြာရေများ အသင့်ဖောက်ထားတတ်သေးသည်။

ကြုံတုန်းပြောပါဦးမည်။ အခုမှာတော့ တံဆိပ်အမျိုးမျိုးနှင့် ခေါင်းလျှော်ရည်တွေ အထုပ်နှင့်တစ်မျိုး၊ ဗူးနှင့်တစ်မျိုး၊ အာနိသင်အမျိုးမျိုးဖြင့် လွယ်လင့်တကူ ဝယ်ယူသုံးစွဲနိုင်သည်။ ဟိုတုန်းကတော့ ခေါင်းလျှော်ရည်ကို တရော်၊ ကင်ပွန်း၊ သံပုရာသီး စသည်များဖြင့် အသင့်ရောင်းချသည်။ ရပ်ကွက်တွင်းက ခေါင်းလျှော်ရည်သည်ဟုခေါ်သည်။

ခေါင်းင်းလျှော်ရည်သည် တရော် ကင်ပွန်းခေါင်းလျှော်ရည်အပြင် မှန်သေတ္တာကလေးနှင့် မိန်းမသုံးပစ္စည်းတွေလည်းရောင်းချသည်။ အပ်ချည်ပါသည်၊ အပ်ပါသည်၊ ဘလိပ်ဓားပါသည်၊ ကြယ်သီးအစုံပါသည်၊ ကလစ်ဆံညှပ်ပါသည်၊ နူတ်ခမ်းနီဗူး ပါသည်၊ ပြည်တွင်းဖြစ် သနပ်ခါးဗူးပါသည်၊ သနပ်ခါးခဲ ပါသည်၊ ပလပ်စတစ်နားကပ်လေးတွေ ပါသည်၊ ပရုတ်လုံးပါသည်၊ ဘောင်းဘီမျော့ကြိုးပါသည်၊ ခေါင်းလျှော်ရည်သည် လာရင်ဖြင့် ဖလားတစ်လုံးနှင့် ခေါင်းလျှော်ရည် ဝယ်ရုံသာမက အမျိုးသမီးများကဈေးသည်၏ မှန်သေတ္တာကလေးထဲက အသုံးအဆောင် ပစ္စည်းတွေကို ငေးကြ၊ မောကြ၊ ဝယ်ကြ၊ခြမ်းကြသည်။ ကျွန်တော်တို့ကလေး တစ်သိုက် ဘာမသိ၊ ညာမသိဈေးသည်နားကပ်လာလျှင် အစ်မတွေက““နင်တို့နဲ့ ဘာဆိုင်လို့လဲ။ ဒါက မိန်းကလေးသုံးပစ္စည်းတွေ၊ သွားကြ၊သွားကြ”” ဟု အော်ငေါက်ထုတ်လေ့ရှိသည်။

ဆပ်ပြာကြမ်းရည်နှင့် ပတ်သက်ပြီး အမှတ်ရတာတွေပြောဖြစ်တာပေါ့။ အခု ခေါင်းလျှော်ရည်သည် ဆိုတာ မရှိတော့။ ခေါင်းလျှော်ရည်သည်ဆီက မှန်သေတ္တာဆိုသည်ကလည်း ရှေးဟောင်းပစ္စည်းဖြစ်သွားပြီ။ တရော်ကင်ပွန်းခေါင်းလျှော်ရည်သည်ပင်လျှင် အခုကျေးလက်များမှာ ကျန်ပါလေဦးမည်လားမသိ။

မြစ်ဆိပ်သို့ အဝတ်လျှော်ရန် မနက်စောစောကတည်းက တစ်စုတစ်ဝေး သွားကြသည်။ ထမင်းချိုင့်တွေပင် ပါသေး၏။ ကျွန်တော်တို့အရပ်မှ အနောက်ထီးလင်းတိုက်ကိုဖြတ်သည်။ ကျောက်ဆစ်တန်းလမ်းမကိုကျော်ပြီး စကုတိုက်၊ တောင်သမန်တိုက်များမှ တစ်ဆင့် ထန်းမြင့်ရပ်ကိုဖြတ်ကာ ချမ်းသာရတံတားမှတစ်ဆင့်
ထင်းဝင်းဆိပ်တွင် အဝတ်လျှော်ကြဖြင်းဖြစ်သည်။

ကျွန်တော်က ထန်းမြင့်ရပ်ရောက်လျှင် လမ်းကြားလေး၏တောင်ဘက်တွင်ရှိသော ဝင်းကျယ်ကြီးတစ်ခုအတွင်းမှ တစ်ထပ်တိုက်လေးတစ်လုံးကို စိတ်ဝင်တစားနှင့် ငေးမျှော်ကြည့်မြဲဖြစ်သည်။ တိုက်မျက်နှာစာမှာ ရွှေရောင်စာလုံးနှင့် ရွှေမန်းတင်မောင်ဟု ခံ့ခံ့ညားညားရေးထိုးထားသည်။ နာမည်ကျော် ဇာတ်မင်းသားကြီးရွှမန်းတင်မောင်၏ မွေးဖွားရာအရပ်မှ သူ့အိမ်ခြံဝင်းဖြစ်ပါသည်။ တစ်ခါတရံ ထိုတိုက်အတွင်း တီးလုံးတိုက်၊ ဇာတ်တိုက်ကြသည့် အသံများ ကြားရတတ်သည်။

ထန်းမြင့်ရပ်ကျော်ပြီး ချမ်းသာရတံတားကြီးပေါ်ရောက်တော့လည်း ဗေဒါပင်တွေနှင့် တမျှော်တခေါ်ကြီး ဖုံးလွှမ်းနေသည့် သင်္ဂဇာချောင်းကြီးပေါ်မှ သစ်သားတံတားကြီး၏ ခံ့ထည်မှုကို ငယ်မျက်စိဖြင့် တအံ့တသြဖြစ်ရသေးသည်။ တံတားနင်းကြမ်း၏ သစ်သားတွေက အချို့နေရာတွေမှာ ကွာတန်ကွာ၊ ကွဲတန်ကွဲ၊ ပျက်တန်ပျက်လေတော့ တံတားပေါ်ဖြတ်တိုင်း အမေ့လက်ကို
မလွှတ်တမ်း တင်းတင်းဆုပ်ပြီး လိုက်ရတာကိုလည်း မှတ်မိနေသည်။ ထင်းဝင်းမြစ်ဆိပ်မှာက ကမ်းနဖူးတွင် သစ်စက်ကြီး ရှိသည်။ သစ်စက်ကြီးနှင့် တာရိုးအကြား
ချောင်းရှိတော့ ခပ်မြင့်မြင့် သစ်သားတံတားကြီးနှင့် ဆက်ထားသည်။ တာရိုးပေါ်မှ မီးရထားလမ်းက တံတားပေါ်ကဖြတ်ပြီး သစ်စက်ကြီးထဲအထိ ဝင်ရောက်သွား၏။ တံတားအောက်က မြစ်နှင့်ဆက်နေသော ချောင်းထဲမှာ လှေလေးတွေ၊ စက်တပ်မော်တော်အငယ်လေးတွေ ဖြစ်သလိုဆိုက်ကပ်ထားသည်။ သစ်စက်ကြီးထဲတွင် ရေနွေးငွေ့ အင်ဂျင်ဖြင့်မောင်းနှင်သော လွှစက်ကြီးတွေက တဒီးဒီးဆူညံသံပေးပြီး လည်ပတ်နေသည်။

သစ်လုံးကြီးတွေနှင့် ဧရာမလွှသွားကြီးတွေ ခွဲဖြတ်လိုက်တိုင်း စက်သံက ငယ်သံပါသလို ကျယ်လောင်မြည်ဟီးသွားသည်။ချောင်းထဲက သစ်လုံးတွေကိုလည်း ကျွဲတစ်ရှဉ်းဖြင့် ညာသံပေးပြီး ဆွဲတင်နေ၏။ တစ်ခါတရံ သစ်လုံးကြီးတွေတင်ထားသော တွဲတွေနှင့် မီးရထားတစ်စင်းကိုလည်း ထင်းဝင်းဆိပ်မှာ မြင်တွေ့နိုင်သည်။ သစ်တွဲကြီးတွေသာမက ဆီတင်တွဲကြီးတွေလည်း ပါလေ့ရှိသည်။ ထိုမီးရထား၏ ခေါင်းတွဲမှာလည်း ရေနွေးငွေ့အားဖြင့် မောင်းနှင်သော ခေါင်းတွဲကြီးဖြစ်သည်။ ရထားကြီးဘေးကဖြတ်သွားစဉ် ခေါင်းတွဲနားရောက်တိုင်း နားကိုပိတ်ထားမိသည်။ မထင်မှတ်ဘဲ ဥသြဆွဲလိုက်ပါက အသက်ပျောက်မတတ် ထိပ်လန့်စရာကောင်းသောကြောင့်ဖြစ်သည်။

ကျွန်တော်သည် မြစ်ဆိပ်သို့ အဝတ်လျှော်သည့်အမေနှင့် မပျက်မကွက် လိုက်လိုခြင်းမှာ ရေဆော့ချင်လို့ မဟုတ်၊ ရေကူးချင်လို့ မဟုတ်၊ သစ်စက်တွေ၊ သစ်ဆွဲကျွဲတွေ၊ သစ်တင် ဆီတင်မီးရထားတွေ မြင်တွေ့ချင်လို့ပဲဖြစ်သည်။ မြစ်ဆိပ်၌ နေရာတစ်နေရာရှာပြီး အမေက သီချင်းတကြော်ကြော်ဖြင့် အဝတ်ဖွပ်နေစဉ် ကျွန်တော်ကဘေးမှာ ငြိမ်ငြိမ်သက်သက် ငုတ်တုတ်လေးထိုင်ပြီး တာရိုးပေါ်က မီးရထားကြည့်လိုက်၊ မြစ်ထဲက သင်္ဘောတွေကြည့်လိုက်နှင့် အပျော်ကြီး ပျော်နေတော့သည်။

တကယ်တော့ ပျော်ရွှင်ခြင်းဟူသည် ပြည့်စုံလုံလောက်ခြင်းတည်းဟူသော ရုပ်ဝတ္ထုကြောင့် မဟုတ်မူဘဲ အတွင်းစိတ်၏ ညစ်ကြေးကင်းစင် ကြည်လင်ချမ်းမြေ့လွတ်လပ်ခြင်းကြောင့် ဆိုတာ ငယ်လွမ်းစိတ်ဖြင့် မျက်ရည်ဝဲရင်း သတိပြုနေမိတော့သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW