ဆူးငှက်
မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်က စတင် ထူထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ကြသူတွက ကိုဘငြိမ်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုမြအုန်း၊ ကိုရင်လေး၊ ကိုဘကြင်၊ ကိုလှဒင်၊ ကိုဘသက်၊ ကိုဘဒင်၊ ကိုမောင်မာင်(ဓားတန်းဦးသန့်) စသူတို့ ဖြစ်ပါသတဲ့။ အသင်းဥက္ကဋ္ဌကတော့ ဆိုင်းတန်းရပ်က အပေါင်ဆိုင် ပိုင်ရှင် ဦးတော်လုံဖြစ်ပါတယ်။ သူက ဂီတသမားမဟုတ်ပေမယ့် ဝါသနာရှင်လူငယ်လေးတွေ ဂီတအသင်း စတင် ထူထောင်ကြတော့ ပစ္စည်းအား၊ ငွေကြေးအားဖြင့် အားပေး ကူညီသူဖြစ်ပါတယ်။
အသင်းကို စတင်တည်ထောင်တော့ “နေပြည်တော်”၊ “ရတနာပုံ” စတဲ့ နာမည်တွေ ပေးကြပေမယ့် ကိုဘငြိမ်း(မြို့မငြိမ်း)က “နာမည်က ရိုးလွန်းတယ်” ဆိုပြီး၊
“မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်း” လို့ အမည်ပေးခဲ့တယ်။ ခေတ်ပညာတတ် ဝါသနာရှင်လူငယ်လေးများမို့ အမြော်အမြင်ရှိတယ်။ အမြင်ကျယ်တယ်။ရေရှည်တည်တံ့မှုကိုရှေ့ရှုတယ်။ ဒါကြောင့် ၁၉၂၈ ခုနှစ်မှာ “စည်းမျဉ်းဥပဒေ”ရေးဆွဲပြီး အသင်းက စနစ်တကျ ဖွဲ့စည်းခန့်ခွဲနိုင်ခဲ့တယ်။ အသင်းတစ်သင်းရဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်ကိုလည်း စနစ်တကျ အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး တရားဝင်အမည်အဖြစ် “မြို့မတူရိယာအသင်း” လို့ခေါ်တွင်စေကာ အသင်းတံဆိပ်ကိုလည်း သတ်မှတ်ခဲ့တယ်။
အသင်းရဲ့ရည် ရွယ်ချက်တွေက …
(က) မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊
(ခ) ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြား တတ်မြောက်ရေး၊
(ဂ) Music Note အမှတ်အသားပညာဖြင့် ရေးထားသော တူရိယာပညာကို ဆည်းပူးလေ့လာရန်၊
(ဃ) ကမ္ဘာ့ခေတ်မီ တူရိယာတီးဝိုင်းကြီး ဖြစ်မြောက်ရေး၊
(င) ရှေးမြန်မာသီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော Music Note ပညာဖြင့် ကူးပြောင်းရေးသား လေ့လာရန်၊
(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ်လာပါလျှင် တတ်အားသမျှ အားပေးကူညီရန်။… ဆိုတဲ့ အချက်တွေ ဖြစ်တယ်။
ဒီအချက်တွေကိုမျက်ခြည်မပြတ် ဦးထိပ်ထားပြီး “စည်းမျဉ်းဥပဒေ”ပါ လုပ်ထုံးလုပ်နည်းတွေအတိုင်း အသင်းသား အမှုဆောင်များ၊ ညီညီညွတ်ညွတ်
ဆောင်ရွက်နိုင်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ထွက်ပြေး တိမ်းရှောင်၊ တစ်ကွဲတစ်ပြားဖြစ်နေချိန်မှာပင်၊ စစ်ကြီးအပြီး “ပြည်တော်ဝင်”နဲ့ ညီညီညွတ်ညွတ် မပျက်မစီးဖြစ်စေခဲ့တာ သမိုင်းသက်သေပဲ မဟုတ်ပါလား။
စစ်ကြီးအပြီး အသင်းသားတွေ စုံစုံညီညီနဲ့ မန္တလေးက မိခင်အသင်းကိုပြန်လည်စုစည်းနိုင်တဲ့အချိန်၊ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့ မန္တလေးမြို့လယ် နေသူရိန်ဇာတ်ရုံကြီးမှာ“အထက်ဗမာနိုင်ငံ ကိုယ်လက်ကျန်းမာရေးအသင်းကြီး၏ ကာယဗလပြပွဲ” ကျင်းပတော့
ကိုဘငြိမ်းနဲ့ ကိုရင်လေးက ဦးဆောင်ပြီး မြို့မတူရိယာအသင်းက ဦးဆောင် စီစဉ်နိုင်ခဲ့တယ်။ ဒီပွဲမှာ ကိုဘငြိမ်း(မြို့မငြိမ်း)က ကရဝိက်(သ)မူးဇစ်၊ အိုလံပစ်၊ ယဉ်တစ်ကိုယ်မယ် စတဲ့နာမည်ကျော် သီချင်းသစ်တွေ ရေးစပ်ဘသီဆို တီးမှုတ်ခဲ့တယ်။
နောက် ၂နှစ်အကြာ ၁၉၄၇ခုနှစ်ဆန်းတော့ အသင်းရဲ့ “စည်းမျဉ်းဥပဒေ”အရ အမှုဆောင်အဖွဲ့ကို အသစ်ပြန်လည်ရွေးကောက်ဖို့ လိုအပ်လာပါပြီ။ စစ်ကြီးကြောင့်
သင်းလုံးကျွတ် အစည်းအဝေးလည်း မခေါ်နိုင်၊ အမှုဆောင်သစ်လည်း မဖွဲ့နိုင်တော့“စည်းမျဉ်းဥပဒေ” ကို ဥပက္ခောပြုသလိုဖြစ်နေပါပြီ။ ဒါကြောင့် သင်းလုံးကျွတ် အစည်းအဝေးနဲ့ အမှုဆောင်သစ်ရွေးချယ်ပွဲကို ၁၉၄၇ ခု၊ ဧပြီလ ၂၇ ရက် (၁၃၀၉ ခုနှစ်၊ကဆုန်လဆန်း ၈ရက်) ညနေ ၃နာရီအချိန်၊ ဓားတန်းရပ် အားကစားနှင့် ယဉ်ကျေးမှု အသင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး ကျင်းပဖို့အတွက် မြို့မိမြို့ဖတွေ၊ အသင်းသူ အသင်းသားတွေ၊မြို့မချစ်သူ ဂီတချစ်သူတွေ အားလုံးသိရှိနိုင်၊ ပါဝင်တက်ရောက်နိုင်အောင်၊ ဝင်းလိုက်ရုပ်ရှင်ရုံကနေ တစ်ပတ်ကျော် ကြိုတင်ပြီး ရုပ်ရှင်များမပြမီ ဆလိုက်ထိုးကြော်ငြာခဲ့ပါသတဲ့။ စစ်ကြီးအပြီး
ပြန်လည်ဖွဲ့စည်းမယ့် မြို့မအသင်းအတွက် မြို့လုံးကျွတ် သိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြတာပါ။
လတ်တလော မြို့မကို ဒုဥက္ကဋ္ဌ ကိုဘသင်၊ အတွင်းရေးမှူး ကိုရင်လေးတို့က မပျက်မယွင်းအောင် ထိန်းထားခဲ့တာမို့ အသင်းရည်ရွယ်ချက်များ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ မြို့မိမြို့ဖများ ရှေ့မှောက်၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနဲ့အမှုဆောင်သစ် ကျယ်ပြန့်စွာဖွဲ့စည်းနိုင်ဖို့ ယာယီဥက္ကဋ္ဌအဖြစ် မန်းညွန့်ဦးမောင်ကလေး၊အတွင်းရေးမှူး ဦးအောင်ကြီးတို့က ကိုဘသင်နဲ့ ကိုရင်လေးတို့ထံမှ ခေတ္တလွှဲယူပြီး နာယကအဖွဲ့နဲ့ အမှုဆောင်အသစ်ကို မြို့မိမြို့ဖများနဲ့ သတင်းစာဆရာများရှေ့မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နာယကများအဖြစ် ဓားတန်းဦးသန့်၊ ဝင်းလိုက်ဦးကျော်ဝင်းနဲ့ဦးမြင့်တို့က တာဝန်ယူပြီး ဥက္ကဋ္ဌ- ဦးအေးမောင်(ရတနာပုံ)၊ ဒုဥက္ကဋ္ဌ- ဝါးတန်းဦးအေးမောင်နဲ့ဦးဘဒင်၊ အတွင်းရေးမှူး-ဦးရင်လေး၊ တွဲဖက်အတွင်းရေးမှူး-ဦးအောင်ကြီး၊ စာရင်းစစ်-ကိုဘကြင်၊ ကိုစော၊ အလုပ်အမှုဆောင်များအဖြစ် ကိုဘငြိမ်း (မြို့မငြိမ်း)၊ ကိုဘအေး၊ကိုသန့်စင်၊ ကိုဘသိန်း၊ ကိုလှဒင်၊ ကိုအေးကျော်၊ ကိုမောင်ကို၊ ကိုစိန် ကြည်၊ ကိုဖူးအံ့၊ကိုဘငွေတို့ကို အများဆန္ဒနဲ့အညီ ရွေးကောက်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီအစည်းအဝေးကြီးမှာပဲ အသင်းသားအသစ်တွေကို အသင်းဝင်ကြေး၅ကျပ်၊လစဉ်ကြေး၁ကျပ်နဲ့ ဝင်ရောက်နိုင်လို့ အသင်းသားအသစ် ၃၀ကျော် စာရင်းပေး ဝင်ရောက်ကြပါတယ်။ နာမည်ကျော် ဂီတမှူးတွေဖြစ်လာမယ့် ကိုဘိုခင်နဲ့ ကိုပေါတို့က ဒီအစည်းအဝေးမှာ အသင်းသားအသစ်အဖြစ် စတင် စာရင်းပေး ဝင်ရောက်ခဲ့ကြတာပါ။ ဒီအစည်းအဝေးမှာ တက်ရောက်လာသူတွေကို ယူနီဗာဆယ် ကိတ်မုန့် တိုက်ကကိတ်မုန့်၊ လက်ဖက်ရည်၊ ငှက်ပျောသီး၊ သစ်ကြားသီးများနဲ့ ဧည့်ခံကူညီပြီး ဝင်းလိုက်ဦးကျော်ဝင်း ကလည်း အသင်းကို ဒဗလယ်ဗေ့ကြီးတစ်လုံး လှူဒါန်းခဲ့ပါတယ်။
တစ်မြို့လုံးက အားတက်သရော တက်ရောက်ခဲ့ကြတဲ့ အစည်းအဝေးကြီးမှာ မန္တလေးသူတွေဖြစ်တဲ့ဒါ်စိန်ရင် (စာရေးဆရာမမာလာ)၊ နဂါးဒေါ်ဦး၊ အမ်အေဒေါ်အုန်းတို့ကလည်း အမျိုးသမီးမြို့မအသင်း ဖွဲ့စည်းဖို့
အဆိုပြုခဲ့ကြသေးပါတယ်။ အစည်းအဝေးကြီးက ဖွဲ့စည်းခဲ့တဲ့ နာယကများနဲ့ အမှုဆောင်အသစ်က ကိုဘငြိမ်း(မြို့မငြိမ်း)ကို ဂီတမှူးအဖြစ် တာဝန်ပေးပြီး၊ အသင်းသားသစ်များအတွက် ဂီတသင်တန်းများ ပေးစေခဲ့ပါတယ်။
ဒါကြောင့် ကိုဘငြိမ်း(မြို့မငြိမ်း)က မေလ ၁၅ရက်နေ့က စတင်ပြီး ည ၇နာရီက ၈နာရီအထိ ဂီတသင်တန်းကို စတင် သင်ကြားပေးခဲ့တယ်။ ဒီသင်တန်းကနေ ဂီတမှူး ကိုဘိုခင်၊ ကိုပေါ စသူတို့ ထွက်ပေါ်ခဲ့တာပါပဲ။ အသင်းရဲ့ ရည်ရွယ်ချက် စည်းမျဉ်း စည်းကမ်းတွေအတိုင်း
သင်းလုံးကျွတ်အစည်းအဝေးကြီးက ရှေ့လုပ်ငန်းစဉ်များကို အမြော်အမြင်ကြီးစွာ သဘောတူချမှတ်
အကောင်အထည်ဖော်နိုင်ခြင်းက နာမည်ကျော် မျိုးဆက်သစ် ဂီတပညာရှင် ၂ဦးဖြစ်တဲ့ ကိုဘိုခင်နဲ့ကိုပေါတို့ကို မွေးထုတ်နိုင်ခဲ့တာ အမှတ်တရပါ။ ဂီတမှူး ကိုဘိုခင်က ၁၉၉၄ခုခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။
နာမည်ကျော် ဂီတမှုး ကိုပေါ (ဆရာပေါ – မြို့မ) ကလည်း အသက်၉၀ကျော်အထိ အသင်းကိစ္စ ဂီတကိစ္စတွေ ဆောင်ရွက်ရင်း အသက် ၉၆နှစ်အရွယ် ၂၀၂၂ခုနှစ် သြဂုတ်လ ၂၈ရက် ကုန်ခါနီး သန်ခေါင်ယံမှာ ကွယ်လွန်ခဲ့ပါပြီ။ ဂီတကို ငယ်စဉ်ကတည်းက ရိုကျိုးစွာနှင့် စံနစ်တကျ သင်ယူတတ်မြောက်ခဲ့တဲ့ ဂီတမှူး ဂီတပညာရှင်ကြီးတွေ ကွယ်လွန်ခြင်းဟာ ဆုံးရှုံးမှုတစ်ခုပါပဲ။
#voiceofmyanmar #VOM #ဆူးငှက်