ကျောက်တော်ကြီးဘုရားပွဲတော်

ဆူးငှက်

သက္ကရာဇ် ၁၂၂၆ ခုနှစ် ဝါခေါင်လတွင် မန္တလေးရွှေကြိုးသတ်နယ်မြေ၏မြောက်ဖျား စကျင်တောင်မှ ကျောက်တော်ကြီး တူးဖော်ရရှိခဲ့သည်။ ထို့နောက် ရုပ်ပွားတော်သဏ္ဌာန် “ကြမ်းချောဆတ်” လုပ်ဆောင်ပြီးသမ္ဗာန်တော်ကြီး နှစ်စင်းဖြင့် နေပြည်တော်သို့ ပင့်ဆောင်စေရာ ရေကြီးသည့်ကာလတွင် စကျင်တံတားအနောက် ရေနက်ရာသို့ရောက်ရှိခဲ့၏။ ၎င်းမှ တာတစ်ထောင်ကျော် (၂မိုင်ကျော်) အကွာရှိ မြွေရွာမြစ်ဝသို့ရောက်သည်နှင့် သုဓမ္မာဆရာတော်တို့နှင့် သံဃာတော်တို့က ခတ်လှေတော်တို့နှင့် အကြိုအယူ အပင့်အဆောင် လိုက်ကြရသည်။ ခရီးစဉ်တစ်လျှောက် ကျောက်တော်ကြီးတင် သမ္ဗာန်တော်တွင် ပွဲသဘင် အတီး အမှုတ် အကများနှင့် စုန်ဆင်းခဲ့ကြ၏။ ထိုနှစ် ဝါခေါင်လပြည့်ကျော်(၂) ရက်နေ့တွင် “မြနန်းစကြာ” မီးသင်္ဘောတော်နှင့် ဆွဲဆောင်ခဲ့ပြီးမင်းညီမင်းသား မှူးတော် မတ်တော်တို့က ခတ်လှေ၊လှော်လှေများဖြင့် ကြိုဆိုစေပြီး အနောက်ပြင် ခံကုန်းရွာဆိပ်သို့ ရောက်သည်။ ရုပ်ပွားတော် ကျောက်တော်ကြီး ထားရာပလ္လင်ပေါ်သို့ မရောက်မီ ခံကုန်းရွာမြောက်သို့ ရောက်လျှင် တော်သလင်းလဆန်း (၃)ရက်နေ့ နံနက်၌ နန်းမြေဘုံသာ စံနန်းတော်သို့ မင်းတုန်းမင်းကြီးနှင့် အရှင်နန်းမတော် မိဖုရားနှစ်ပါးတို့က ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်နှင့်ထွက်တော်မူကြီး ထွက်စံတော်မူသည်။ ယင်းအခမ်းအနားပွဲသဘင်တွင် အစုအမှုထမ်းတို့ကယောကျ်ားအကပွဲ၊ ရွှေမြို့တော် ရပ်ကွက်စုများကယောကျ်ားမိန်းမ အကပွဲများ သွင်းပြကြသည်။ စံနန်းတော်တွင်လည်း နေ့ညပွဲသဘင် မပြတ်ခံသည်။ အရှင်နှစ်ပါး မင်းမိဖုရားကလည်း အလုပ်အဆောင် အကြီးအကြပ် ကျောက်ဆစ်ပန်းရန် ကံကျွေးမပါမကျန် ဒင်္ဂါး၊ အဝတ်အစားများ ပေးတော်မူသည်။

ကျောက်တော်ကြီးဘုရားပြင် မဟာရာမ်ပြင်၊ တောင်ဘက် အနောက်ဘက် စံကျောင်းတော်တိုက် မဟာရာမ်ပြင်၊ အရှေ့ဘက် တောင်ဘက်များမှာ အုတ်ပလ္လင်ခံ၍ အမိုးဘုံနှစ်ဆင့်၊ လည်ပေါ် ယွန်းဆက် စုလစ်မွန်းချွန်နှင့်တကွ ဇရပ်ပေါင်း သုံးဆယ့်ကိုး ကို အသီးသီးသော မှူးတော် မတ်တော်များအား ငွေတော်ပေးအပ်၍ တစ်ဆောင်စီ ကြီးကြပ် လုပ်ဆောင်စေသည်။ ထိုနှစ်တော်သလင်းလ အတွင်းမှာပင် နန်းမြေဘုံသာ စံနန်းတော်မှ ကနဦး ခုနှစ်ဌာနအဝင် မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားသို့ ထွက်တော်မူပြီး ဆီမီးထွန်းညှိပူဇော်ကာ ဘုရားဝတ်တက် ယောကျ်ား မိန်းမခြောက်ရာကျော်ကို ကျပ် သုံးဒင်္ဂါး တစ်ပြားစီ ပေးတော်မူသည်။ထွက်တော်မူသည်က စ၍ နံနက်တိုင်း ဆွမ်းခဲဖွယ် အကြီးအကျယ် အဖွယ်အရာများနှင့် မဟာလောကမာရဇိန်ဘုရား၊ ကျောက်တော်ကြီးဘုရားသို့ စည်တော်ရွမ်း၍ တင်လှူတော်မူသည်။ အဦးအစ ကျောက်တော်ကြီးဘုရားနှင့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတို့၏ ဗုဒ္ဓပူဇနိယပွဲများကား မင်းမိဖုရား ဦးဆောင်၍ မှူးကြီးမတ်ရာ သေနာပတိနှင့် တိုင်းသူပြည်သားအများ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပကာ လှူဖွယ် ဝတ္ထုအစုစုတို့ လှူဒါန်းပူဇော် ဆွမ်းကြီးလောင်းလှူခဲ့ကြသော ပွဲသဘင်ဖြစ်သည်။

သက္ကရာဇ် ၁၂၂၈ ခု ဒုတိယဝါဆိုလပြည့်ကျော် (၇)ရက်၊ ကြာသပတေးနေ့တွင် နန်းမြေဘုံသာစံနန်းတော်၌ မင်းရေးမင်းမူ ရှိသည်များကို တိုင်ပင်ညီညွတ်ဆွေးနွေးပြောဆိုနေကြစဉ် မင်းကွန်း မင်းခုံတိုင်စားတို့နှင့် လူဆိုးလူသွမ်းတို့ လက်ချက်ကြောင့် ညီတော် အိမ်ရှေ့မင်းနှင့်တကွ သားတော်များ ကျဆုံးခဲ့ရာနေရာ၌ စံနန်းတော်ဆောင်မတော်ကို ဖျက်သိမ်းပြီး စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋီတိုက်နှင့် စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ ဂန္ဓကုဋီတိုက်နှင့် စေတီတော်ကြားတွင် အိမ်ရှေ့မင်းနှင့် သားတော်များအလောင်းကို ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ သက္ကရာဇ် ၁၂၃၃ ခု တန်ခူးလပြည့်ကျော် ၁၁ရက်မှစ၍ ထိုနှစ် တော်သလင်းလပြည့်ကျော် ၁၄ ရက်နေ့တွင် ပြီးစီးအောင်မြင်သော ပဉ္စမသင်္ဂါယနာတင်ခြင်းနှင့်အတူ ၁၂၂၂ ခု ၁၂၃၀ ပြည့်နှစ်အထိ ကျောက်ထက်အက္ခရာ တင်ခဲ့သော ပိဋိကတ်ကျောက်စာတော်ပေါင်း ၇၂၉ ဆူကို မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားအတွင်း စိုက်ထူတော်မူခဲ့၏။

ထို့ကြောင့် ရတနာပုံနန်းမြို့တော်ကြီး၏ တနင်္ဂနွေထောင့်တွင် သကျမာရဇိန်ကျာက်တော်ကြီးဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့မှာ တစ်နေရာတည်းတွင် သုံးပွင့်ဆိုင် သပ္ပာယ်စွာ တည်ရှိသည်။ ရှေးကမူ သီတင်းကျွတ်လဆန်း (၁၄)ရက်၊ (၁၅) ရက် နှင့် လပြည့်ကျော် (၁)ရက်အထိ (၃)ရက် ကျင်းပခဲ့သော ကျောက်တော်ကြီးဘုရားပွဲတွင် ရုပ်စုံအမြင့်သဘင်၊ ဇာတ်ပွဲ၊ အံ့ပွဲ၊ ဆိုင်းပွဲများ ပါဝင်သဖြင့် သီတင်းကျွတ်လပြည့် မီးထွန်းပွဲနှင့်အတူ ကျိတ်ကျိတ်တိုး စည်ကားလှမှာ သေချာသည်။ စန္ဒာမုနိဘုရား အရုဏ်ခံနှင့် စေတီတော်ကြားတွင် ရှေးက ကနောင်မင်းသားကြီး၏ အုတ်ဂူရှိခဲ့သဖြင့် အိမ်ရှေ့မင်း၏ အနွယ်တော်များက ထိုရက်၌ လာရောက်ကာ ပန်းဆီမီးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။ ကုသိုလ်တော် ဘုရား၌လည်း အောင်ပင်ကန်၊ နန္ဒာကန်တို့ကို အမှီပြု၍ လယ်ယာမြေ လုပ်ကိုင်ကြသော “လမိုင်း”သား တို့က မိမိတို့ရွာ အသီးသီးမှ လှည်းတပ်ကြီး ချီကာ ဘုရားပွဲအမီ လာရောက်ကြပြီး လှည်းဝိုင်းကြီးများဖြင့် စတည်းချ ရပ်နားကာ ပွဲကြည့်၊ ဆွမ်းကပ်၊ ဆွမ်းကြီးလာင်းလှူကြသည် မှာ ရှေးစဉ်ဆက်မပျက် ဖြစ်သည်။

မန္တလေးကျောက်တော်ကြီးဘုရားပွဲက မင်းတုန်းမင်းကြီးကောင်းမှု ဘုရားပုထိုးများဖြစ်သလို၊ အိမ်ရှေ့မင်းနှင့်လည်း သက်ဆိုင်သော ဘုရားပွဲလည်းဖြစ်သည်။ ထို့ကြောင့် ရှေးကတည်းက မင်းဆွေမင်းမျိုး အနွယ်တော်များကိုယ်တိုင် လာရောက်ဆင်နွှဲသော ပွဲကြီးလည်းဖြစ်၏။ ဘုရားများ၏ ဂေါစဝဏ်ကလည်း မန္တလေးအရှေ့ပြင် နန်းတော်ရှေ့သာမက ပုသိမ်ကြီးနယ်အတွင်းမှ နန္ဒာကန်၊ အောင်ပင်လယ်ကန်ရေသောက် ကျေးရွာများအထိ ပါဝင်သဖြင့် လမိုင်းသား ကျေးလက်ပြည်သူများလည်း ရွာလုံးကျွတ်မျှ အိမ်ကိုဆူးဆို့၊ ကလေးလက်တို့၊ ခွေးအို့အို့ ခေါ်ကာ လာရောက် ဆင်နွှဲကြသည့် ပွဲတော်ကြီး ဖြစ်သည်။ကုသိုလ်တော်နှင့် မဟာအတုလဝယန်ဘုံသာကျောင်းတိုက်ကြီးအကြား မင်္ဂလာကန်တော်ကြီးတွင် ကရဝိက်ဖောင်ကြီး ဆင်ကာ ဗုံတောင်သံဖြင့် ရေခင်းတီးလုံးများ တီးခတ်ပြိး ကန်တော်တွင်း လှည့်လည်ကာ ဆွမ်းကပ် ဆီမီးပူဇော်သည်။ ကုသိုလ်တော် ရင်ပြင်နှင့် စန္ဒာမုနိစိန်တောင်ပတ် ပစ္စယံများပေါ်၌လည်း ရွှေနန်းတော်ကြီး၏ အဆက်အနွယ် နန်းတော်ရှေ့ မင်္ဂလာစည်တော်ကြီး အဖွဲ့များက သိုးရင်းဖြူ၊ တမာရွက်ထောင့်ဖာလုံးခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးများဖြင့် ရိုးရာ အစဉ်အလာမပျက် စည်တော်သံများ တီးခတ်နေကြ၏။ မန္တလေးတောင်ခြေ ဦးခန္တီပြတိုက်အနီးမှာလည်း လှည်းဝိုင်းကြီး ဟည်းလို့၊ ကုသိုလ်တော်ဘုရား အနောက်မုခ် ကြည့်ချင်ပွဲ ဇာတ်အဖွဲ့တွေနားမှာလည်း လှည်းဝိုင်းကြီး တမျှော်တခေါ်၊ ကျောက်တော်ကြီး ဘုရားအနောက်မုခ်၊တောင်မုခ် သုဓမ္မာဇရပ်တန်း အနီးတွေမှာလည်း လှည်းဝိုင်းကြီးက ဝင်္ကပါ။ ကုသိုလ်တော်ဘုရား အရုဏ်ခံ တန်ဆောင်းတွေထဲ စိန်ဘီး၊ စိန်ဆံထိုး၊ ပိုးဖဲဗြန့်ထဘီတို့ဖြင့် ကွမ်းတောင်၊ ပန်းတောင်များ ပြင်ဆင်ကာ ဆွေတော် မျိုးတော်တို့ကလည်း ဆွမ်းတော်ကြီး ကပ်လှူရန် ပြင်ဆင်နေကြ၏။

စန္ဒာမုနိဘုရား အရှေ့မုခ်တွင် ကြည့်ချင်ပွဲ ရုပ်သေးစင်က လှည်းဝိုင်းကြီး ပတ်ရံထားသည်။ ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရား အနောက်မုခ်နှင့် ကျောက်တော်ကြီး တောင်ဖက်မုခ်အနီး ကွက်လပ်ကြီးများတွင် သာသနာ့အလံကြီးများ တလူလူလွှင့်ကာ မီးလုံးရောင်စုံတန်းများဖြင့် ဇာတ်ရုံကြီးများကလည်း ဂိတ်ရှိုးပိုစတာ ဧရာမကြီးများဖြင့် ကျိတ်ကျိတ်တိုးနေသည်။ ဘုရားသုံးဆူကြား၌ ယာယီ ဆိုင်တန်းများဖြင့် ၁၂ပွဲဈေးသည်များက အညာထွက် ချည်ထည်၊ လယ်ယာသုံး ပစ္စည်း၊ လက်မှုပစ္စည်း၊ အဝတ်အထည်များ စသည်ဖြင့် ရောင်းချကြသလို၊ မုန့်ခေါင်းအုံး၊ မုန့်သိုင်းခြုံ၊ ကရေကရာ၊ မုန့်ဆီကြော်၊ မုန့်လင်မယား၊ ထိုးမုန့်၊ မုန့်ဖက်ထုပ်၊ ချွေတာရေးမုန့် စသည်ဖြင့် မြန်မာမုန့်အမျိုးမျိုးရောင်းချသော ဆိုင်ကြီးများ၊ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ အကြော်စုံပူပူနွေးနွေးကြော်လှော်ရောင်းချနေသော တို့ဗမာအကြော်ဆိုင်ကြီးများ၊ ကြာဆံဟင်း၊ မုန့်ဟင်းခါး၊ မုန့်တီ၊ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး၊ ရှာလပတ်ရည် စသော အစားအသောက်များရောင်းချသော ဆိုင်ကြီးများဖြင့်လည်း တိုးမပေါက်ခဲ့။ ဘုရားဝင်းများအတွင်းမှ တည်တည်ခံ့ခံ့ စည်တော်သံ၊ မင်္ဂလာကန်တော်အတွင်းမှ အေးအေးငြိမ့်ငြိမ့် ရေခင်းသံ၊ ပွဲခင်းအတွင်းဇာတ်ပွဲ၊ မျက်လှည့်ပွဲ၊ အံ့ပွဲ၊ဈေးဆိုင်များမှ အသံချဲ့စက်သံ ဆူဆူညံညံ၊ကျောက်တော်ကြီး ဘုရားပွဲကား မန္တလေး မင်းကြိုက် စိုးကြိုက်နှင့် အညာကျေးလက်ရနံ့ပေါင်းဆုံ သင်းထုံခဲ့သော မန္တလေးဘုရားပွဲဖြစ်ခဲ့ပါ၏။

ရှေးသရောအခါက တောင်ခြေ ပဋိကတ်တိုက်နားက၊ကျောက်တော်ကြီး အနောက်မုခ်က၊ သုဓမ္မာဇရပ်တန်းအနီး လှည်းဝိုင်းမှာ နာမည်သာ ကျန်ပြီး ဒီဇယ်အင်ဂျင်သုံး ထော်လာဂျီများက ပလတ်စတစ် မိုးကာရောင်စုံများဖြင့် ပွဲဈေးခင်းလျက်။ မြန်မာဘီယာ ဗီနိုင်းဆိုင်းဘုတ်တွေ ပေါင်းမီးရက်ထားသည့် ထော်လာဂျီနောက်တွဲများနှင့် ခွေးဘီလူးကားများက အခုတော့ နဖားကြိုးမလို၊ အစာကျင်းမလို၊ ကောက်ရိုးထုံးမလို၊ ဒီဇယ်တစ်ပုံး ဓာတ်ဆီတစ်ပုံးတော့လိုသည်။ ထော်လာဂျီ ပေါင်းမိုးအောက်မှ ပွဲကြိုက်ခင်များကလည်း ရွှေပြည်နန်း မိတ်ကပ်လိမ်းရင်း ဇာတ်ပွဲ၊ စတိတ်ရှိုးကြောင်း ပြန်ပြောင်းပြောနေကြတာ စီစီညံလို့။

အခုတော့ ရောဂါကပ်ဘေး ဘယာဘေးတွေကြောင့် ပွဲလမ်းတွေနှင့် ဘုရားပွဲမဖြစ်တာ သုံးနှစ်သုံးကြိမ်ရှိရော့မည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW