မူဆယ် ၁၀၅ မိုင် တုန်ခန်ဂိတ်နားမှာ တပ်က အရာရှိ ၂ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၁၉ -၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ပထမ ရှန်တိန်ကွင်း ပိုးသတ်ဆေးဖြန်းတဲ့နေရာအနီး အထက်တုန်ခန် အဝင်ဂိတ်နားမှာ မ​နေ့ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီခွဲကျော်ခန့်က တပ်မတော် အရာရှိ ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

“ကွန်ဖန်း ပါ။ တပ်ရေးဗိုလ်ရော နှစ်ယောက်လုံး သေတာပါ၊ တဦးက တပ်ရင်းမှူး ဖြစ်ပြီး နောက်တဦးကတော့ တပ်ရင်းမှူးပြီးရင် အကြီးဆုံးဖြစ်တဲ့ ဦး ၊ရေး၊ထောက် ကိုင်သူ တပ်ရေးဗိုလ် ဖြစ်​ပြီး နာမည်တော့ မသိသေးဘူး”လို့ အမည်မဖော်လိုသူ ဒေသခံ ၁ ဦးက ပြောပါတယ်။

စစ်တပ်နဲ့ နီးစပ်သူ ၁ ဦး ကလည်း “ခြေလျင် ၄၁၂ တပ်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်။ ၇ချက် ပစ်ခံရတယ်။ အရင်က ညွှန်မှူး ပစ်ခံရတဲ့ နေရာပဲ” လို့ ပြောပါတယ်။

ကားပျက်လို့ ကားသွားယူချိန် လမ်းမှာပစ်ခတ်ခံရတာဖြစ်ပြီး အခု ပစ်ခံရတဲ့ တပ်ရင်းမှူးက တယောက်ထဲ သွားနေကျ ဖြစ်ပေမယ့် မနေ့ညနေကတော့ ဘယ်သူတွေပါသွားသလဲဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ သူနဲ့ရင်းနှီးသူတွေ ပြောပြချက်အရ သိရပါတယ်။

“သူက ဘယ်သွားသွား အမြဲတမ်းတယောက်ထဲသွားတာ။ …. သူ့ကိုတယောက်တည်း မထွက်နဲ့လို့ သတိပေးလိုက်တာ ၂ ရက်ပဲ ရှိသေးတယ်။” လို့ သူက ပြောပါတယ်။

မူဆယ်နယ်မှာတော့ မည်သူမှ လုံခြုံမှု မရှိဘဲ လုံခြုံရေး စိုးရိမ်နေရတာကြောင့် သွားသတိ၊ လာသတိနဲ့သာ သွားသင့်တယ်လို့ သူက ပြောပါတယ်။

မနေ့ ည ၁၀ နာရီကျော်ခန့်မှာလည်း ၁၀၅ မိုင် ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတာကြောင့် ဒေသခံတွေ စိုးရိမ်ခဲ့ကြတယ်လို့ ၁၀၅ မိုင် ဒေသခံတွေက ပြောပါတယ်။

“မနေ့ညကလည်း လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

အခု ပစ်ခတ်ခံရတဲ့ နေရာမှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ မေလ ၁၁ ရက် ညနေ ၅ နာရီခန့်က လုံခြုံရေးအပြည့်ရှိနေတဲ့ကြား နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခံခဲ့ရဖူးပါတယ်။

အခုလအတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ရပ်ကွက်ထဲမှာ အမျိုးသား ၁ ဦး ပစ်သတ်ခံခဲ့ရသလို မူဆယ်မြို့၊ နမ္မတူ မိတ္တူဆိုင်အနီးမှာလည်း မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးလည်း ပစ်သတ်ခံခဲ့ရပါသေးတယ်။

မူဆယ်မြို့နယ်မှာတော့ တပ်နဲ့ပြည်သူ့စစ်အဖွဲ့ ဝင် ၁၀ ယောက်ကျော်အပြင် PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ KIA, TNLA, SSPP/SSA, MNDAA တို့ သွားလာလှုပ်ရှားရာ နေရာဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်းကစ မူဆယ်နယ်စပ်တလျှောက် လောင်းကစားဝိုင်း အကြီးအသေး ရာနဲ့ချီ ရှိလာပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေ ‌များလာတဲ့အပြင် အုပ်စုဖွဲ့ကာ လက်နက်နဲ့ ခြိမ်းခြောက် ဓားပြတိုက်တာတွေ၊ ပြန်ပေးဆွဲတာတွေလည်း ပိုများလာတာကိုလည်း တွေ့ရပါတယ်။

Photo Crd- Original Uploader
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW