ဧရာဝတီတိုင်းက ဂဏန်းအရေပျော့တွေ ပြည်တွင်းဈေးကွက်တခုထဲကို အားထားနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေ

နိုဝင်ဘာ ၊ ၂-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းကနေ ထွက်ရှိတဲ့ ဂဏန်းအရေပျော့တွေကို ပြည်ပဈေးကွက် ပြန်လည်တင်ပို့မရောင်းချနိုင်သေးတဲ့အတွက် ပြည်တွင်း ဈေးကွက်တစ်ခုထဲကို အားထားရောင်းချနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေတယ်လို့ ဂဏန်း အရေပျော့မွေးမြူထုတ်လုပ်တင်ပို့ရောင်းချတဲ့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ဂဏန်းအရေပျော့တွေကို
ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ဥရောပနိုင်ငံတွေကို အရင်က တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဂဏန်းအရေပျော့တွေကို ဒီကနေ့အထိ မတင်ပို့နိုင်သေးတာကြောင့် ပြည်တွင်းဈေးကွက်တခုထဲကို အားထားနေရတော့ မွေးမြူရေးလုပ်ငန်းမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

”ဂဏန်းအရေပျော့ လုပ်ငန်းက အရင်ကတည်းက ပြည်ပ ဈေးကွက်ကိုပဲ အားထားရတာ ၊ ကိုဗစ်နဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ၂ နှစ်နီးပါးရှိလာတဲ့ အချိန်အထိပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက် အလုပ် မလုပ်နိုင်သေးဘူး ၊လုပ်ငန်းတွေက ပုံစံတကျပြန်မလှည်ပတ်နိုင်သေးဘူး ၊ပြည်တွင်း ဈေးကွက်ကို မှီခိုပြီး လုပ်နေတော့လည်း အခုရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ် ၊ လုပ်ငန်းကို အိတ်ဆိုက်လုပ်နေတာ တောင့်မခံနိုင်တော့ဘူး ၊ အရှုံးပဲပြနေတယ်။”လို့ ဖျာပုံမြို့က ဂဏန်းအရေပျော့မွေးမြူထုတ်လုပ်တင်ပို့ ရောင်းချတဲ့ လုပ်ငန်းရှင်တဦးက VOM ကိုပြောပါတယ်။

အဲ့ဒီ့လို ပြည်တွင်းဈေးကွက်တစ်ခုထဲကို တင်ပို့ရောင်းချနေရတာကြောင့် အရင်က ဂဏန်းပျော့ ၅ ပိဿာကို ငွေကျပ် ၆၅၀၀၀ ဈေးအထိ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဂဏန်းအရေပျော့ ၅ ပိဿာကို ငွေကျပ် ၄၀၀၀၀ အထိသာရရှိတော့တယ်လို့ ပြောပါတယ်။

လုပ်သားခ၊ သွင်းအားစုစရိတ် ၊ အခြားအထွေကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်တွက်ချက်တဲ့အခါ အရှုံးပဲပေါ်နေလို့ ပြည်ပဈေးကွက်မရှိတော့ဘဲ ပြည်တွင်းဈေးကွက်မှာလည်း ဂဏန်းအရေပျော့ ဆက်လက်ဈေးကျနေရင် ဂဏန်းပျော့မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းကိုရပ်နားရဖို့ရှိတယ်လို့ သိရပါတယ်။

“ဒီလုပ်ငန်းက အားလုံးအသိပဲ ပြည်ပဈေးကွက်ရှိမှ အဆင်ပြေတာ ၊ ဂဏန်းအရေပျော့ရဲ့ဈေးနှုန်းကလည်း ပြည်ပဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်ယှဉ်တဲ့အခါ အရမ်းကွာတယ် ၊ ကိုယ့်လုပ်ငန်းကို ဖက်တွယ်နေတာနဲ့ ကိုယ့်ကို မှီခိုနေတဲ့ လုပ်သားတွေ အဆင်ပြေစေဖို့ အဆင်ပြေလာမလားဆိုတဲ့အတွေးနဲ့ လုပ်လာတာ ၊ အရှုံးခံ ထိနေတာမနည်းတော့ဘူး ၊ ကာလရှည်လည်းအရှုံးခံ ဆက်မလုပ်နိုင်တော့ဘူး ၊ ဒီဈေးနဲ့က လုပ်သားခတောင် ပြန်မဝင်လို့ ဒီလဆန်းအထိ စောင့်ကြည့်လို့ အဆင်မပြေရင် နားပြီး။”လို့ လပွတ္တာမြို့နယ်က ဂဏန်းအပျော့ မွေးမြူရေးလုပ်ငန်းရှင်တဦးက VOM ကိုပြောပါတယ်။

ဂဏန်းအရေပျော့လုပ်ငန်းရှင်တွေဟာ ဂဏန်းအရေပျော့ ရရှိစေဖို့အတွက် ဂဏန်းအခွံမာကောင်တွေကို ဝယ်ယူပြီး ခြေထောက်နဲ့ လက် ၄ ချောင်းတွေကို ဖြတ်၊ ရေထဲချ အစားကျွေးမွေးမြူရခြင်း ရေထဲချမွေးမြူလိုက်တဲ့ ဂဏန်းအခွံမာတွေကို ၄ နာရီခြားအရေခွံပြောင်းလဲချိန် စောင့်ကြည့်ကာ ဂဏန်းအပျော့ရရှိစေဖို့အတွက် ကျွမ်းကျင် လုပ်သားတွေက အလျင်အမြန်ဆယ်ယူရတာ ဖြစ်ပါတယ်။

ဂဏန်း အရေပျော့လုပ်ငန်းရှင်တွေက ဂဏန်းအရေးပျော့လုပ်ငန်းကို ရပ်နားလိုက်တဲ့အခါ သူတို့ကို မှီခိုနေတဲ့ လုပ်သားတွေ အခက်အခဲရှိလာမှာ စိုးရိမ်တယ်လို့ ဂဏန်းအရေပျော့ လုပ်သားတဦးကပြောပါတယ်။

”ကျွန်တော်တို့ဆို ဂဏန်းလုပ်ငန်းမှာ လုပ်လာတာ ၁၇ နှစ်အထိရှိနေပြီ ၊ ဒီနှစ်တွေမှာတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းရှင်တွေ ၊ လုပ်သားတွေရော အရမ်းခက်ခဲကျပ်တည်းတယ် ၊ ဒီလို ကျပ်တည်းလာတဲ့ အဓိက အကြောင်းအရင်းက နိုင်ငံရေးနဲ့ ကိုဗစ်ကြောင့်ပါ ၊
တကယ့်လို့ အလုပ်သာ ရပ်လိုက်ရင် ကျွန်တော့ ဘဝပျက်တာနဲ့မခြားဘဲ ၊ ကျိန်းသေ ဒုက္ခရောက်မှာ။”လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းမှာတော့ ဂဏန်းအပျော့တွေကို ဟိုတယ်နဲ့ ပင်လယ်စာရောင်းချတဲ့ဆိုင်တွေကိုသာ အဓိက အားထားရောင်းချရတာဖြစ်ပြီး အဲ့ဒီ ဟိုတယ်နဲ့ ပင်လယ်စာရောင်းတဲ့ ဆိုင်တွေကလည်း အရင်လို အရောင်းအဝယ်မကောင်းတာကြောင့် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

”ဧရာဝတီတိုင်းက ဂဏန်းအပျော့က ပြည်တွင်းမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကိုပဲ အားထားရတာ ၊ အရင်နှစ်တွေလို ခရီးသွားတဲ့ ဧည့်သည်တွေနဲ့ စားသုံးသူတွေမရှိတော့ ဒီဘက်ကလည်း ဂဏန်းအရေ အပျော့တွေကို အရင်လောက်မဖြုန်းနိုင်ဘူးဖြစ်နေတယ် ၊ ဒီလိုအခြေအနေကြောင့် ဒီဘက်ကလည်း အဆင်မပြေသလို ဂဏန်းအရေပျော့မွေးမြူသူတွေ အဖို့လည်းအားကိုးရမဲ့ဖြစ်နေတယ် ။”လို့ စားသောက်ဆိုင်လုပ်ငန်းရှင်တဦးက VOM ကို ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းကို လပွတ္တာ၊ ဟိုင်းကြီးကျွန်း ၊ ဖျာပုံ ၊ ဘိုကလေး နဲ့ အမာ စတဲ့မြို့နယ်တွေမှာ အများဆုံးလုပ်ကိုင်နေကြတာဖြစ်ပြီး ဂဏန်းမွေးမြူရေးလုပ်ငန်းရှင်တဦးကို မွေးမြူရေးလုပ်သား အနည်းဆုံး ၁၀ ဦးကနေ ၁၅ ဦး အထိ ခေါ်ယူမွေးမြူကြရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မွေးမြူတဲ့ လုပ်ငန်းရှင်တွေနဲ့ မွေးမြူတဲ့ ဂဏန်းဧကအပေါ် မူတည်ကာ လုပ်သား အနည်းဆုံး ၂၀ ဦးကနေ အများဆုံး ၅၀ ဦး ခေါ်ယူလုပ်ဆောင်ကြသူတွေလည်းရှိပြီး ဂဏန်းအရေပျော့လုပ်ငန်းမှာ လုပ်သား တဦးကို တစ်လ ငွေကျပ် ၁၄၀၀၀၀ ကနေ၂ သိန်း ၅ သောင်းအထိပေးခေါ်ကာ လုပ်ကိုင်ရတာဖြစ် တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဧရာဝတီတိုင်း #ဂဏန်းအရေပျော့လုပ်ငန်း

Related posts

Leave a Comment

VOM News

FREE
VIEW