ရန်ကုန်မြို့လယ် အနုကြမ်းစီးမှုမှာ အတွင်းလူ ပါဝင်နေ

နိုဝင်ဘာ ၃ – ၂၀၂၂
SN (VOM)

ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းနှင့် ကုန်သည်လမ်းထိပ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးအရောင်းဆိုင်တစ်ဆိုင်မှာ မနေ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အနုကြမ်းစီးခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ဓားနဲ့အထိုးခံရသူ ကိုမောင်မောင်ထွန်းက “ကျွန်တော်ရယ် ကျွန်တော့်ညီ ကိုမြင့်ကြည်ရယ် စာရင်းသိမ်းပြီး ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ရုတ်တရက် လူ ၃ ယောက်ဝင်လာပြီး ကျွန်တော်တို့ကိုဓားနဲ့ရန်ပြုတာ။ ကျွန်တော့်ကို ချုပ်ပြီးဓားနဲ့ထိုး၊ ကျွန်တော့်ညီကိုလည်း နောက်ဖေးမှာ ရိုက်နှက်လုပ်တာ။ နောက်တော့ မီးခံသေတ္တာဖွင့်ခိုင်းပြီး အထဲမှာရှိတဲ့ ပိုက်ဆံ သိန်း ၂၈၀ လုံးယူသွားတယ်။ ပိုက်ဆံထုတ်ပေးရင်း ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ဆီမှာ ၃ လလောက် အလုပ် လုပ်သွားတဲ့ ကားဆရာပါလာတာကို တွေ့လိုက်ရတယ်။ သူရယ်၊ နောက် ဘယ်ကလူမိုက်တွေ ခေါ်လာလဲမသိဘူး။ သူတို့တွေကလုပ်သွားတာပါ။ ဖုန်းလည်း ၄ လုံးပါသွားတယ်။ ပြီးတော့ ကျွန်တော့်ညီရဲ့ကားကိုလည်း ယူသွားကြတယ်” လို့ ပြောပါတယ်။

လူမှုကွန်ရက်မှာလည်း ဆိုင်ရှင်လို့ ယူဆရသူ အမျိုးသား ၂ ဦး ဆိုင်အတွင်း စာရင်းတွက်နေစဉ်အချိန်မှာ ကျူးလွန်သူ အမျိုးသား ၃ ဦး ဝင်ရောက်လာပြီး ဓားတွေနဲ့ ထိုးနေတာကို တွေ့ရပါတယ်။

ပြစ်မှုကျူးလွန်သူ ၃ ဦးအနက် ၂ ဦးမှာ ဆိုင်ရှင်အမျိုးသား တဦးကို ဓားတွေနဲ့ ချုပ်နှောင်ထိုးနှက်နေတာကို မြင်တွေ့ရပြီး ကျန်တဦးကိုလည်း ကျူးလွန်သူ နောက်တဦးက ဓားနဲ့ တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

“သူတို့က ကျွန်တော့်ပေါင်ကို ဓားနဲ့ ၅ ချက်၊ ၆ ချက်လောက်ထိုးတာ။ ထိုးပြီး ခြိမ်းခြောက်ပြီး မီးခံသေတ္တာဖွင့်ခိုင်းတယ်။ ကျွန်တော်တို့ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့သူက ကျွန်တော်တို့ ဘယ်အချိန်ပြန်တယ်၊ ဘာလုပ်တယ်ဆိုတာ အားလုံးသိတယ်။ ဖြစ်တဲ့အချိန် သူတို့က ဆိုင်တံခါးကိုပါ တခါတည်းပိတ်ချပြီးမှ ဝင်လာတာဆိုတော့ အထဲမှာ အသံလုံနေတော့ အပြင်ကဘယ်သူမှ မသိလိုက်ကြဘူး။ ဒီလို ရန်ကုန်မြို့လယ်ခေါင် လူအစည်ဆုံး၊ စီးပွားရေးအချက်အချာနေရာမှာမှ ဖြစ်သွားတဲ့အတွက် ဘယ်လိုမှ မလုံခြုံတော့တဲ့အခြေအနေပါ။ ပစ္စည်းလုရင်လည်းလု၊ လူကိုအန္တရာယ်‌ပေးစရာမလိုဘူး။ အခုက လူတွေလည်းသတ်နေတာ ကြားနေရတယ် ဆိုတော့ ဒါက ဘယ်လို့မှ မဖြစ်သင့်တာပါ” လို့ ကိုမောင်မောင်ထွန်းက ပြောပါတယ်။

အခု ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်ခံရသူတွေအနေနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှာ သွားရောက်အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရတဲ့အတွက် VOM က ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးရာမှာ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ရန်ကုန်မြို့ လူစည်ကားရာ နေရာအချို့မှာ အခုရက်ပိုင်းအတွင်း လူသတ်၊ ဓါးပြတိုက်၊ အနုကြမ်းစီးမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းက လူစည်ကားရာနေရာ တိုက်ခန်းတစ်ခုမှာ ရူပဗေဓ ပညာရှင် စာရေးဆရာ တက္ကသိုလ် ကြယ်ပွင့်နဲ့ ဇနီးဖြစ်သူတို့ကို သတ်ဖြတ်ပြီး ငွေနဲ့ ပစ္စည်းတွေ ယူဆောင်သွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ဗိုလ်အောင်ကျော်လမ်းမှာ ကားမှန်တွေခွဲပြီး ကားထဲက ပစ္စည်းတွေယူသွားတဲ့ဖြစ်စဉ်၊ အင်းစိန် ပေါက်တောဝ အနီးမှာ အမျိုးသမီးတဦးကို ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ငွေသား ၁၃ သိန်းဝန်းကျင် ပါသွားတဲ့ ဖြစ်စဉ်နဲ့ ဒေါပုံ တံတားဟောင်းနားမှာ အမျိုးသားတစ်ဦးကိုရိုက်နှက်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် အလုခံရတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ”ပိုက်ဆံချမ်းသာပြီး လုံခြုံမှုမရှိလျှင် အထုပ်ပိုက်၍ ကင်းစောင့်အိပ်ရမယ်” လို့ နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစည်းအဝေး (၈/၂၀၂၂) မှာ ပြောကြားထားပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အနုကြမ်းစီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW