ရွှေအသင်းရည်ညွှန်းဈေး သိန်း၂၀ ကျော်အဖြစ် ပြောင်းလဲ ဈေးဖွင့်ထား

နိုဝင်ဘာ ၁၀ – ၂၀၂၂
SN (VOM)

ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ရန်ကုန်တိုင်း ရွှေအသင်းရည်ညွှန်းဈေး သိန်း၂၀ ကျော်ကို ပြောင်းလဲ ဈေးဖွင့်ထားပြီး အရင်ထက် ကျပ် ၅ သောင်းဝန်းကျင် မြင့်တက်လာပါတယ်။

ရည်ညွှန်းဈေးကို မနေ့ နိုဝင်ဘာ ၉ ရက်နေ့က စတင်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ရွှေဈေးနဲ့ ‌ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ဒေါ်လာဈေးအပေါ် ‌အခြေခံပြီး တွက်ချက်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အခုက ကမ္ဘာ့ရွှေဈေးတက်လို့ တက်သွားတာပါ။ ကမ္ဘာ့ရွှေဈေးကလည်း ဒီ့ထက်တော့ အများကြီးတက်ဖို့ မရှိတော့ပါဘူး။ တက်လည်းနည်းနည်းပဲ၊ ကျလည်း နည်းနည်းပါပဲ။ များသောအားဖြင့်ကတော့ အကျဘက်ကို တအိအိသွားနေတဲ့ အနေအထားပေါ့။ ဒီဇင်ဘာလလောက်ဆိုရင်လည်း ပြည်တွင်းကတွင်းတွေမှာ ရွှေတူးလို့ရသွားပြီလေ။ အဲ့ဒီ့အခါကျရင်တော့ ရွှေက ပေါပေါများများ ပြန်ဖြစ်သွားပြီ။ ဈေးလည်းကျလာဦးမှာပါ” လို့ ရွှေအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဘဏ်အတိုးနှုန်း ပြင်ဆင်ချိန်တွေမှာ ကမ္ဘာ့ရွှေဈေး အတက်အကျရှိတတ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှာ တအောင်စ ၁၇၁၁ ဒေါ်လာအထိ မြင့်တက်လာကာ အဲ့ဒီမတိုင်ခင်က ၁၆၆၉ ဒေါ်လာ ရှိခဲ့တယ်လို့ သိရပါတယ်။

“‌ဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး တက်သွားတာရယ်၊ နောက် သူတို့ရဲ့ရည်ညွန်းဈေးကို ပြည်တွင်း ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးကိုကြည့်ပြီး သတ်မှတ်တာလို့ ပြောထားတဲ့အခါကျတော့ အဲ့ဒါကြောင့် တက်ရတာလည်းပါတယ်။ ဒါပေမယ့်သူတို့က အထက်အမိန့်အရ လုပ်ရတာက များပါတယ်။ အခုက ဘယ်သူမှ အသင်းမှာ အရောင်းအဝယ် မလုပ်ကြတော့ဘူး။ မှောင်ခိုပဲလုပ်ကြတော့ ရည်ညွှန်းဈေးကို ရွှေလုပ်ငန်းလုပ်တဲ့သူတွေက သိပ်စိတ်မဝင်စားကြတော့ပါဘူး” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ရွှေအသင်းအနေနဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်း ရည်ညွှန်းဈေးကို ၂,၀၁၃,၀၀၀ နဲ့ ဈေးဖွင့်ထားပြီး ညနေပိုင်းမှာ‌တော့ ၂,၀၀၉,၀၀၀ နဲ့ ဈေးပိတ်ထားကာ ကမ္ဘာ့ရွှေဈေးမှာတော့ တအောင်စ ၁၇၀၆ ဒေါ်လာ ရှိပါတယ်။

ပြင်ပ ဈေးကွက်မှာတော့ အခေါက်ရွှေတကျပ်သား ရောင်းဈေး ၂,၆၈၅,၀၀၀ ၊ ဝယ်ဈေး ၂,၆၅၀,၀၀၀ ရှိပြီး ငွေလဲနှုန်းကတော့ အမေရိကန်တဒေါ်လာ ရောင်းဈေး ၃၀၀၀ ကျပ်၊ ဝယ်ဈေး ၂၉၇၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

Photo – YGEA
#voiceofmyanmar #VOM #ရွှေအသင်းရည်ညွန်းစျေးပြောင်းလဲ

Related posts

Leave a Comment

VOM News

FREE
VIEW