သွင်းကုန်လိုင်စင် တင်းကျပ်တာကြောင့် တရားမဝင် ကုန်သွယ်မှုတွေများပြီး ကုန်ပစ္စည်းဈေး တက်လာနိုင်

နိုဝင်ဘာ ၁၃ – ၂၀၂၂
SN (VOM)

သွင်းကုန်လိုင်စင် တင်းကျပ်တာကြောင့် ကုန်ပစ္စည်း လိုသလောက်သွင်းမရရင် တရားမဝင် ကုန်သွယ်မှုတွေများပြီး ဈေးတွေတက်လာနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတင်သွင်းခြင်းနဲ့ ပတ်သက်လို့ ရန်ကုန်ဆိပ်ကမ်းရောက်မှ လိုင်စင်လျှောက်ထားတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့မှာ လုပ်ငန်းရှင်တွေထံ အသိပေးစာ ပေးပို့ထားပါတယ်။

အဲ့ဒီ့လို သွင်းကုန်လိုင်စင်ကို ထပ်မံ တင်းကျပ်လိုက်တဲ့အတွက် တရားဝင် ကုန်သွယ်ဖို့ ခက်ခဲလာနိုင်ပြီး တရားမဝင်ကုန်သွယ်မှုတွေ ပိုမို ဖြစ်ပေါ်လာကာ လာဘ်စားမှုတွေလည်း ပိုများလာနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အခုလို သွင်းကုန်လိုင်စင်ကို တင်းကျပ်ရင် ကုန်ပစ္စည်းတွေ ‌ဈေးလိုက်တက်မှာပဲ။ လိုသလောက် သွင်းလို့မရရင် ပိုတက်မယ်။ တရားမဝင်ကုန်သွယ်မှုတွေ များလာမယ်။ ညွှန်ကြားချက်တော့ ရောက်နေပြီ။ အသေးကစိတ်တော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုရဲ့ အကျိုးဆက်အနေနဲ့ ကုန်ပစ္စည်းအတုအပတွေ၊ အရည်သွေးပြည့်မီမှုမရှိတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းကို ဝင်ရောက်လာနိုင်ပြီး အခွန်ရရှိမှုလည်း နည်းပါးလာနိုင်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ကို အရင်က BL နဲ့ DO ပြပြီး ဆိပ်ကမ်းရောက်မှ လိုင်စင်လျှောက်တာကို ခွင့်ပြုပေးတယ်။ BL ဆိုတာ သ‌င်္ဘောတင်တဲ့အခါ ထုတ်ပေးတဲ့စာရွက်ကိုပြောတာ။ DO ကတော့ ဆိပ်ကမ်းအရောက်မှာ ထုတ်ပေးတဲ့စာရွက်။ အရင်ကတော့ အဲ့ဒီ့စာ‌ရွက်တွေပြပြီး လိုင်စင်လျှောက်တာကို ခွင့်ပြုပေးတယ်။ အခု သူတို့ကြေညာတာက ဒါကို ခွင့်မပြုတော့ဘူးဆိုတဲ့သဘော။ အသေးစိတ်တော့မပြောသေးဘူး။ တချို့ကုန်တွေက သင်္ဘောတင်ပြီး လမ်းမှာ လာနေတဲ့သူတွေ ဘယ်လိုလုပ်မလဲ ဆိုတာတော့ မဆွေးနွေးရသေးဘူး” လို့ နောက်ထပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အရင်က သွင်းကုန်လိုင်စင်ကို ကုန်ပစ္စည်း မတင်သွင်းမီ ကြိုတင်လျှောက်ထားရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ သွင်းကုန် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဖြေလျော့ပေးတဲ့အနေနဲ့ ဆိပ်ကမ်းရောက်မှသာ BL ၊ DO ပြပြီး တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အခုကတော့ အရင်မှုဝါဒကို ပြန်ပြောင်းလိုက်တဲ့ သဘောပေါ့။ ဒါနဲ့ပတ်သက်လို့ အခက်ခဲတွေက ဖြစ်နေဦးမှာပဲ။ မှုဝါဒတွေ နေ့ချင်းညချင်း ပြောင်းနေတာကမျိုးက အဆင်မပြေနိုင်ဘူး။ ပို့ကုန်ကို ဦးစားပေးရမယ်။ ပို့ကုန်ရှိမှ သွင်းကုန်သွင်းဖို့ ဒေါ်လာကရမှာ။ သူများနိုင်ငံတွေမှာဆို ပို့ကုန်လုပ်ငန်းရှင်တွေကို အခွန်လျှော့ပေးတာ၊ လုပ်ငန်းအတွက် ထောက်ပံ့ကြေးပေးတာမျိုး။ ဒီမှာကတော့ အဲ့ဒီလိုမဟုတ်ဘဲ တင်းကျပ်မှုတွေပဲ လုပ်နေလို့ကတော့ အလုပ်တွင်မယ့်ကိန်း မမြင်ပါဘူး” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ ဆေးဝါး၊ ပလပ်စတစ်နဲ့ သံမဏိ စတဲ့ ပစ္စည်းအမျိုးအစားတွေကို အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပြုလို့ ပြည်တွင်းဈေးကွက်ထဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် ပိုမိုမြင့်မားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သွင်းကုန်လိုင်စင်တင်းကျပ်ခြင်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW