အရောင်းအဝယ်အေးပြီး အမြင့်ဈေးမှာရှိနေတဲ့ ပြည်တွင်း အိမ်ခြံမြေဈေးကွက်

နိုဝင်ဘာ ၁၄- ၂၀၂၂
SN (VOM)

လက်ရှိ ပြည်တွင်း အိမ်ခြံမြေဈေးကွက်ဟာ ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာတာကြောင့် ပြီးခဲ့တဲ့လတွေကလို ဈေးကွက် လှုပ်ခတ်မှု သိပ်မရှိတော့ဘဲ ဈေးနှုန်းအမြင့်နဲ့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်းက အမေရိကန် တဒေါ်လာကို ကျပ် ၄၀၀၀ ကျော်၊ အခေါက်ရွှေ တကျပ်သား ကျပ်သိန်း ၃၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားပြီးတဲ့နောက် အိမ်ခြံမြေတွေအပေါ် ဝယ်ယူစုဆောင်းမှု သိသိသာသာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အမေရိကန်တဒေါ်လာ ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ အခေါက်ရွှေဈေးနှုန်းမှာလည်း တကျပ်သား ကျပ် ၂၆ သိန်းကျော်အထိ ဈေးနှုန်း ပြန်လည်ရောက်ရှိလာပြီးနောက် အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ် ပြန်အေးလာတာ ဖြစ်ပါတယ်။

ဒေါ်လာနဲ့ရွှေဈေးနှုန်း အနည်းငယ် ပြန်လည်တည်ငြိမ်တာကြောင့် ငွေကြေးတတ်နိုင်သူတွေက ရွှေဘက်ကို ပြန်လှည့်ပြီး ဝယ်ယူစုဆောင်းတာတွေအပြင် တခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် အိမ်ခြံမြေဝယ်ယူမှု လျော့ကျလာတာဖြစ်တယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။

“အရောင်းအဝယ်က လက်ရှိမှာ အေးသွားပါတယ်။ အခုက ပိုတဲ့ပိုက်ဆံကို ရွှေဘက်ကို ပြန်စုလိုက်တဲ့အတွက် မြေဘက်မှာ အရောင်းအဝယ်အေးသွားတယ်။ ပြီးတော့ တခြားလုပ်ငန်းတွေလည်း ဖြန့်ပြီးလုပ်ကြတော့ အိမ်ခြံမြေဘက်မှာ အရောင်းအဝယ် အေးသွားတာပါ”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်ပိုင်းကစလို့ ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းမှုတွေလည်း ဖြစ်ပေါ်ခဲ့တဲ့အပြင် ရွှေနဲ့ဒေါ်လာဈေးနှုန်းဟာလည်း မတည်ငြိမ်ဘဲ မကြာခဏဆိုသလို အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာပါ။

ဒါကြောင့် ပြည်ပမှာ အလုပ်လုပ်နေသူတွေ၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေးစုဆောင်းထားသူတွေကတော့ အိမ်ခြံမြေ ဝယ်ယူစုဆောင်းတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိကာလဟာ ငွေကြေးအနည်းငယ်တည်ငြိမ်မှုနဲ့အတူ ဘာသာရေးအလှူအတန်းတွေနဲ့ ခရီးသွားတာတွေကြောင့် အိမ်ခြံမြေ အရောင်းအဝယ်အေးနေပြီး မဖြစ်မနေ အသုံးပြုမယ့်သူတွေလောက်သာ အိမ်ခြံမြေကွက်တွေကို ဝယ်ယူကြတာလို့ အကျိုးဆောင်တွေက ပြောကြပါတယ်။

“အခုကတော့ ရန်ကုန်မြို့ထဲ မြို့နယ်အားလုံးလိုလိုမှာ အရောင်းအဝယ်အေးနေတာပါ။ အရင် အရောင်းအဝယ်သွက်တဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံတို့လို နေရာမျိုးတွေမှာတောင် အရောင်းအဝယ်အေးနေတယ်”လို့ သူက ပြောပါတယ်။

တိတ်ဆိတ်ငြိမ်သက်ခြင်း၊ လူနေထိုင်မှုအဆင့်အတန်းမြင့်မားခြင်း၊ လေကောင်းလေသန့်လေသန့် ရရှိခြင်း၊ မြေကွက်ကျယ်ကျယ်၊ ခြံကျယ်ကျယ်နဲ့ နေထိုင်လိုသူတွေ အကြိုက်တွေ့နေတဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပေ ၄၀×၆၀ မြေကွက်တကွက်ကို ကျပ် သိန်းနှစ်ထောင့်ငါးရာကနေ ကျပ် သိန်းတသောင်းခွဲအထိ စျေးပေါက်နေပါတယ်။ လမ်းမတန်းပေါ်နဲ့ ရပ်ကွက်တွင်း လမ်းတွေပေါ်မူတည်ပြီး စျေးနှုန်းကွာဟမှုတွေလည်း ရှိနေပါတယ်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်က မြေကွက်စျေးတန်းကို လိုက်မမီသူတွေ အနေနဲ့ကတော့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှာ ဝယ်ယူမှုများပြားနေပြီး ဒဂုံအရှေ့ပိုင်းမှာ ပေ ၄၀×၆၀ မြေကွက်တကွက်ကို ကျပ် သိန်း ၆၀၀ ကနေ သိန်း ၇၀၀ အထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်အိမ်ခြံမြေ စျေးကွက်အတွင်း မြေကွက်တွေ၊ တိုက်တာအဆောက်အအုံတွေ ဝယ်ယူရာမှာ ဝယ်လိုအားထက် လက်ရှိမှာ ရောင်းလိုအားကသာ ပိုများနေပြီး ဈေးနှုန်းတွေကတော့ အရင်ဈေးတွေအတိုင်း ကျဆင်းမှုမရှိဘူးလို့ သိရပါတယ်။ အဲ့ဒီ့လိုပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာလည်း အရောင်းအဝယ်အေးနေပြီး အမြင့်ဈေးမှာပဲ ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးအချက်အချာကျသလို ရင်းနှီးမြှုပ်နှံလိုသူတွေ စိတ်ဝင်စားရာ နေရာတွေထဲမှာ ပဲခူးမြို့လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လတ်တလောမှာ ရွှေ ၊ ဒေါ်လာ စျေးကွက် ကမောက်ကမ ဖြစ်ပေါ်နေချိန် ရင်းနှီးမြှုပ်နှံလိုသူ၊ ရွှေ့ပြောင်းနေထိုင်လိုသူတွေဟာ စီးပွားရေး အချက်အချာကျတဲ့ မြို့နယ်များဆီကို ခြေဦးလှည့်လျက်ရှိပါတယ်။

လက်ရှိ ပဲခူးမြို့မှာ တစ်ပိုင်တနိုင် ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေအတွက် ပေ ၄၀×၆၀ ၊ ပေ ၆၀×၈၀ မြေကွက်လေးတွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရောင်းသူနဲ့ဝယ်သူ အဆင်ပြေတဲ့စျေးတန်းတခုနဲ့ အရောင်းဝယ်ဖြစ်နေပြီး ကျပ် ၁၅၀ လောက်ကနေ သိန်း၂၀၀ လောက်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

“အရင်တုန်းက ကျပ် သိန်း ၁၀၀ ဆို ဝယ်လို့ရတာလေးတွေက အခုဆို သိန်း ၁၅၀ လောက်ကနေစပြီး ၁၈၀ ၊ ၂၀၀ လောက်ထိ ဖြစ်သွားတယ်။ ဝယ်သူနဲ့ ရောင်းသူ အဆင်ပြေတဲ့ စျေးတန်းတစ်ခုဖြစ်တယ်ဆိုရင် ရောင်းကြဝယ်ကြတာပေါ့။ ဒီအချိန်က ရောင်းတဲ့သူကလည်း စျေးအမှန်ရတယ်၊ ဝယ်တဲ့သူကလည်း စျေးအမှန်ရတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင်လည်း ခြွင်းချက်တခုရတာပေါ့၊ အရင်လို စျေးအများကြီး ပေးဝယ်ပြီး ရှုံးတဲ့အခြေအနေ မဟုတ်ဘူးပေါ့။ လက်ရှိမှာတော့ ရောင်းတဲ့သူကလည်း ကျေကျေနပ်နပ်နဲ့ ရောင်းတယ်၊ ဝယ်တဲ့သူကလည်း အတင်းထိုးဝယ်စရာ မလိုအပ်တဲ့ အခြေအနေပေါ့”လို့ ပဲခူးမြို့၊ ဘုန်းတံခွန် အိမ်ခြံမြေနှင့် ဥပဒေအကြံပေး ဝန်ဆောင်မှုကုမ္ပဏီ ဒါရိုက်တာ ဦးမြင့်ကျော်က ပြောပါတယ်။

ပဲခူးမြေဈေးမှာ မြို့အဝင် ကျိုက်ပွန်ဘုရားကြီးကနေ ပင်စည်လမ်းဆုံမီးပွိုင့်အထိကို ဈေးတဈေးရှိပြီး ကျပ် သိန်း ၄၅၀၀၊ သိန်း ၅၀၀၀ နီးပါး ပေါက်ဈေးဖြစ်ပေါ်နေကာ ဆည်မြောင်းလမ်းဆုံကနေ အဝေးပြေးအဟောင်း ဗိုလ်ချုပ်အောင်ဆန်းလမ်း မီးပွိုင့်အထိကို ကျပ် သိန်း ၅၅၀၀၊ သိန်း ၆၀၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်ရဲ့ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်မှာလည်း ဈေးနှုန်းတွေဟာ လက်ရှိနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ မတည်ငြိမ်မှုတွေကြောင့် လာရောက်နေထိုင်သူတွေ များပြားလာနေတဲ့အတွက် အရောင်းအဝယ်ဈေးကွက်ဟာ နှစ်ဆလောက် မြင့်တက်လာပြီး ဈေးနှုန်းအမြင့်ပိုင်းကို ရောက်နေတယ်လို့ သိရပါတယ်။

အရင်က မန္တလေးမြို့သစ်မှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၁,၀၀၀၊ ၂,၀၀၀၊ မုံရွာမှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၁,၀၀၀၊ မကွေးမှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၅၀၀၊ ၁,၀၀၀ ဈေးပေါက်နေချိန် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ လမ်း၊ ရေ၊ မီး၊ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဈေး စတဲ့ အင်္ဂါရပ်တွေ အပြည့်အစုံရှိတဲ့ ပုဗ္ဗသီရိမြို့နယ်မှာ ပေ ၄၀×၆၀ တကွက်ကို သိန်း ၁၀၀၊ ၂၀၀ ပဲ ဈေးပေါက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဆိုပါ ပုဗ္ဗသီရိမြို့နယ်မှာတောင် သိန်း ၂၀၀ ကနေ ၅၀၀ ကြား ဈေးပေါက်နေပြီလို့ သိရပါတယ်။

ငွေကြေးသိန်းရာဂဏန်းပဲ သုံးနိုင်သူတွေက ပုဗ္ဗသီရိမြို့နယ်ဘက်မှာ အဝယ်များပြီး ငွေကြေးတတ်နိုင်တဲ့သူတွေက ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာ(၂)၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်နဲ့ ရွှေကြာပင်အနီးက ထန်းတပင် VIP ရပ်ကွက်တွေမှာ အဝယ်များကြတယ်လို့လည်း သိရပါတယ်။

စီးပွားရေးအရ အချက်အခြာကျပြီး အရင်က သိန်းထောင်ဂဏန်းဈေးပေါက်တဲ့ သပြေကုန်းရပ်ကွက်နဲ့ သပြေကုန်းရပ်ကွက်အနီးက ဧရာဝတီလမ်းဘေး မြေကွက်တွေကတော့ သိန်း သောင်းဂဏန်းအထိ ဈေးပေါက်သွားပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ရဲ့ အိမ်ခြံမြေ စျေးကွက် အခြေအနေကို ကြည့်မယ်ဆိုရင်လည်း လက်ရှိမှာ သိန်း ၄၀၀၊ သိန်း ၅၀၀ အောက် မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

“အရောင်းအဝယ် ရှိပေမယ့် အခုရက်ပိုင်းတော့ နည်းနည်းပါးတယ်။ ပုသိမ်မြို့စျေးကွက်အနေနဲ့ သိန်း ၁၅၀ ၊ သိန်း ၂၀၀ ရာဂဏန်းဝန်းကျင်လေးတွေနဲ့ပေါ့။ လမ်းကောင်းကောင်းနဲ့ ကွန်ကရစ်လမ်းလေးတွေနဲ့ပေါ့။ ဂရန်ပါတဲ့ မြေအမျိုးအစားလေးတွေရှိလာပြီ။ ရာဂဏန်း မြေကွက်လေးတွေဆိုရင် ပေ ၂၀×၆၀ ပေါ့။ ပပဝတီတို့ ဥမ္မာဒန္ဒီတို့ ရပ်ကွက်တွေဆိုရင် လူနေလည်းသန့်တယ်၊ ခြံလေးတွေလည်း ကျယ်တယ်။ သိန်း ၁၂၀၊ သိန်း ၁၃၀ ၊ သိန်း တစ်ရာ ပတ် ချာလည်လေးတွေနဲ့ ဝယ်လို့ရတဲ့ နေရာလေးတွေ ပုသိမ်မှာဆိုရင် ရှိလာတယ်။ ဂရန်ပါပြီးသား မြေတခုကို သိန်း ရာဂဏန်းဝန်းကျင်နဲ့ ရှိတယ်ပေါ့။ မြေလည်းဖို့ပြီးသား၊ ကျောက်တိုင်တွေလည်း စိုက်ပြီးသားဆို တော်တော်လေးတန်တယ်။ အဲဒါလေးတွေ အရောင်းအဝယ်ဖြစ်တယ်”လို့ ပုသိမ်မြို့မှ အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောပါတယ်။

ပုသိမ်မြို့ထဲက 1 square feet ကို ကျပ် သိန်း နှစ်သောင်း၊ နှစ်သောင်းခွဲ၊ သုံးသောင်း စသဖြင့် အရောင်းအဝယ်ရှိပြီး မြို့ထဲမျက်နှာစာအနောက်ဆို သိန်း ၂၅၀၀၊ သိန်း ၃၀၀၀ ဝန်းကျင်ကနေ သိန်း ၄၀၀၀ လောက်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ဥယျာဉ်ခြံမြေ ထွက်ထားတဲ့ မြေဈေးတွေကတော့ ဂရန်ပေါက်ပြီးသားဖြစ်ရင် ကျပ် သိန်းတသောင်းခွဲ၊ သိန်း တသောင်းရှစ်ထောင်အထိ ရှိတယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်း အိမ်ခြံမြေဈေးတွေဟာ နေရာဒေသအလိုက် အမြင့်ဈေးမှာရှိနေတာဟာ ပုံမှန်အတိုင်း ပြောင်းလဲဖြစ်ပေါ်နေခြင်းမျိုးမဟုတ်ဘဲ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲကနေ ဆင့်ကဲဖြစ်ပေါ်လာတဲ့ ဘဏ်စနစ်အကျပ်အတည်းနဲ့ ငွေကြေးတန်ဖိုး ကျဆင်းလာမှုက အဓိကအကြောင်းအရင်းတရပ် ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အပြောင်းအလဲတရပ် ဖြစ်ပေါ်လာပြီးတဲ့နောက် ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေသားတွေ ပြန်လည်ထုတ်ယူရမယ့်ပမာဏ ကန့်သတ်ခဲ့တဲ့အချိန် ကြာမြင့်လာတာနဲ့အမျှ ပြည်တွင်းဘဏ်တွေအပေါ် လူထုယုံကြည်မှု ကျဆင်းလာခဲ့ပါတယ်။

ဘဏ်စနစ်အကျပ်အတည်းတရပ် ဖြစ်ပေါ်လာချိန် လူထုက ပြည်တွင်းဘဏ်တွေမှာ ငွေအပ်နှံဖို့ စိတ်ဝင်စားမှုကျဆင်းလာပြီး ငွေတန်ဖိုးကျဆင်းမှုကြောင့် ငွေသားလက်ဝယ်ကိုင်ဆောင်ဖို့ ဆန္ဒမရှိတော့တဲ့အတွက် ငွေပိုငွေလျှံရှိသူတွေနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေ ဈေးကွက်ဘက်ကို ဦးတည်လာတာကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ အမြင့်ဈေးမှာ ဆက်လက် မင်းမူနေဆဲဖြစ်တဲ့ ပြည်တွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်ထဲကို တရားမဝင် ငွေမည်း စီးဝင်နိုင်မှုတွေလည်းရှိလာနိုင်တာကြောင့် အဲ့ဒီ့လို ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #အိမ်ခြံမြေစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW