ကြံ ၁ တန် အမြင့်ဆုံး ကျပ် ၉ သောင်း သတ်မှတ်ပေမယ့် တောင်သူတွက်ခြေကိုက်တဲ့ဈေး မဟုတ်သေး

နိုဝင်ဘာ ၂၀ – ၂၀၂၂
SN (VOM)

အခုနှစ် ကြံရာသီအတွက် ကြံ ၁ တန်ကို အနိမ့်ဆုံး ကျပ် ၇ သောင်းကနေ အမြင့်ဆုံး ကျပ် ၉ သောင်းအထိ သတ်မှတ်ထားပေမယ့် တောင်သူတွေအတွက် တွက်ခြေကိုက်တဲ့ဈေး မဟုတ်သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ကြံ ၁ တန်ကို ကျပ် ၈ သောင်းနှုန်းနဲ့ ဝယ်ယူမယ်လို့ သကြားစက်အချို့က ကြေညာခဲ့ပြီး အခု နိုဝင်ဘာလမှာတော့ ကျပ် ၉ သောင်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာမှာ ကြံရာသီ စတင်တော့မှာဖြစ်တဲ့အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ သကြားစက်တွေတည်ကာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

“သူတို့ဖွင့်ထားတဲ့ ဈေးကတော့ ၇ သောင်းကနေ ၉ သောင်းအထိလို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့တောင်သူတွေအတွက်ကတော့ ဒီဈေးရလည်း တွက်ခြေမကိုက်သေးဘူး။ သယ်ယူစရိတ်နဲ့ ကြံစက်ရုံအရောက်ဈေးကို ပို့ခတို့၊ တင်ခတို့၊ ကားခတို့၊ နောက် ဒီဇယ်ဈေးကြီးတာကလည်း ရှိသေးတယ်။ သွင်းအားစုဈေးကလည်း ကြီးသေးတယ်။ စိုက်ပျိုးရင်းနှီးမှု ကုန်ကျစရိတ်နဲ့တွက်ရင် ကျပ် ၁ သိန်း အထက်လောက် စျေးရမှဖြစ်မှာ”လို့ စစ်ကိုင်းတိုင်းမှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စတဲ့ သွင်းအားစုစရိတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ၎င်းတို့အတွက် လက်ရှိ ပေးနေတဲ့ဈေးထက် ပိုရရှိမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။

“ဒီနှစ် ကြံစိုက်တဲ့စရိတ်က အရင်နှစ်ထက် အကုန်အကျတွေ ပိုပြီးများလာတယ်။ အခုပေးတဲ့ အမြင့်ဆုံး ၉ သောင်းဈေး ဆိုတာကတော့ စရိတ်ကာမိရုံလောက်ပဲရှိမယ်။ အမြတ်မကျန်ဘူး”လို့ နေပြည်တော်မှ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းက သကြားစက်ရုံတွေဟာ ကြံကို ဝယ်ယူရာမှာ သကြားစျေးကို အခြေခံပြီး ဝယ်ယူတာဖြစ်လို့ ပြည်တွင်းမှာ လက်ကျန်သကြားနည်းနေပြီး ကြံရာသီအသစ်မှာ သကြားအသစ်တွေ ထွက်ရှိလာမှာဖြစ်ပေမယ့် လက်ရှိသကြားစျေးဟာ ၁ ပိဿာကို ကျပ် ၂၃၅၀ ဝန်းကျင် ပေါက်စျေးရှိနေတာကြောင့် တောင်သူတွေအနေနဲ့ အခုလို ကြံစျေး ထပ်မံတိုးမြင့် ရရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ၂၀၂၁ ခုနှစ်ကစလို့ သကြားဈေး ဆက်တိုက်မြင့်တက်လာတဲ့အတွက် ကြံဝယ်ဈေးတွေလည်း မြင့်တက်လာတာဖြစ်ပြီး နှစ်စဉ် ကြံရာသီနှောင်းပိုင်းမှာ မူလ သတ်မှတ် ကြံဝယ်ဈေးထက် ပိုပေးလေ့ရှိတဲ့အတွက် အခုနှစ်မှာလည်း ကြံဈေးတွေ ထပ်တက်နိုင်သေးတယ်လို့ ကြံနဲ့ သကြားဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

၂၀၂၁-၂၀၂၂ ကြံရာသီက ကြံ ၁ တန်ကို ကျပ် ၅ သောင်းကနေ အမြင့်ဆုံး ကျပ် ၆ သောင်း ၈ ထောင်အထိ ပေါက်ဈေးရှိခဲ့တာကြောင့် အခုရောက်ရှိနေတဲ့နှုန်းထားဟာ အရင်က တခါမှ မဖြစ်ပေါ်ဖူးခဲ့တဲ့ ဈေးနှုန်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြံစိုက်ပျိုးရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW